လင်ဂျူးတောင် စိမ့်စမ်းချမ်းအေးရိပ်သာ ဖွင့်ပွဲအခမ်းအနားကျင်းပ၊ စကျင်ကျောက်ဆင်းတုတော်နှစ်ဆူ ရောင်တော်ဖွင့်
2025-06-17
လင်ဂျူးတောင် စိမ့်စမ်းချမ်းအေးရိပ်သာသို့ နတ်ဘုရားများ စုံညီစွာကြွရောက်၍
စကျင်ကျောက်ဆင်းတုတော်နှစ်ဆူ ရောင်တော်ဖွင့်ခဲ့ရာ ရောင်ခြည်တော်များဖြာထွက်ကာ လောကတစ်ခွင်အားလွမ်းမိုးခဲ့သည်။ ၂၀၂၅ခုနှစ် ဇွန်လ ၁၄ရက်ဟူသည့် ရက်ကောင်းရက်မြတ်တွင် ပရိသတ်အပေါင်း ၃၀၀ကျော်တို့၏ မျက်မြင်ကိုယ်တွေ့ ပါဝင်ဆင်နွှဲမှုနှင့်အတူ နယူးထိုင်ပေမြို့ ဖူလုံစိမ့်စမ်းချမ်းအေးကျောင်းတိုက်၏ စိမ့်စမ်းချမ်းအေးရိပ်သာတွင် ရိပ်သာဖွင့်ပွဲနှင့် ဆင်းတုတော်ရောင်တော်ဖွင့်ပွဲတို့အား တပြိုင်နက် ကျင်းပခဲ့ပါသည်။ ၎င်းအခမ်းအနားတွင် ဗုဒ္ဓဆင်းတုတော်များ ရောင်ခြည်ဖြာထွက်၍ ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်သံများသည်လည်း တညံညံဖြင့် စည်ကားနေပါသည်။ အခမ်းအနားတွင် တရုတ်ရိုးရာနဂါးအကဖြင့် ဆုမွန်ကောင်းချီးများ မျှဝေတင်ဆက်ခဲ့ပြီး ဗျောက်သံနှင့် အိုးစည်ဗုံသံများအကြားတွင် အနီရောင်လိုက်ကာနှင့် ဘောလုံးများဆွဲချ၍ ဖွင့်ပွဲအား စတင်ခဲ့ရာ ရောင်စုံဖဲကြိုးများနှင့် စက္ကူပန်းများသည်လည်း ကောင်းကင်တွင် ပြန့်ကျဲခဲ့ပါသည်။ ထို့နောက် လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့၏ အဓိပတိဆရာတော် ဘဒ္ဒန္တကုသလ (အရှင်စင်တောက်)သည် မင်္ဂလာမောင်းကြီးအား တီးခတ်၍ ရောင်ခြည်ထွန်းတောက်ထိုင်တော်မူဘုရားနှင့် ရတနာမုနိလျောင်းတော်မူဘုရား ဆင်းတုတော်တို့အား ရောင်တော်ဖွင့်ခဲ့ပါသည်။ ၎င်းအခမ်းအနားကို ပြည်တွင်းပြည်ပမှ ဒါယိကာ၊ ဒါယိကာမအပေါင်းတို့က အင်တာနက်မှတစ်ဆင့် နယ်စည်းမခြား ပါဝင်ခဲ့ကြပြီး တရားဓမ္မပြန့်ပွားခြင်း၏ သမိုင်းဝင်အခိုက်အတန့်ကိုလည်း မျက်မြင်ကိုယ်တွေ့ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။
၁၀နှစ်တာ တည်ဆောက်ခဲ့ရသော စိမ့်စမ်းချမ်းအေးရိပ်သာကြီးသည် သဘာဝတောတောင်ပင်လယ်နှင့် ဆက်နွက်လျက်ရှိပါသည်။ ရိပ်သာကြီးသည် လာမည့် ဇွန်လ ၂၂ရက်နေ့မှစ၍ အပြင်လူများ ဝင်ခွင့်ပြုမည်ဖြစ်ပြီး ဝိညာဏဂေဟဗေဒစနစ်၊ အရှင်စင်တောက်ချမှတ်ထားသော ဗုဒ္ဓကျင့်ဝတ်လမ်းစဉ် အဆင့်လေးဆင့်နှင့် ARနည်းပညာတို့ စုပေါင်းပါဝင်ထားသော တရားရိပ်သာကြီးတစ်ခုဖြစ်ပါသည်။ ဖွင့်ပွဲသို့ ကြွရောက်လာကြသော ဧည့်ပရိသတ်များထဲတွင် ရိပ်သာကြီး ပြီးမြောက်ခြင်းကြောင့် လူသားအားလုံး ဗုဒ္ဓမေတ္တာအား မြင်တွေ့နိုင်ပြီး ဗုဒ္ဓတရားတော် ကြားနာနိုင်ကာ ယုံကြည်မှုပြည့်ဝနိုင်ခြင်းအတွက် လက်အုပ်ချီရှိခိုး၍ ကျေးဇူးတင်သူများရှိသကဲ့သို့ မျက်ရည်တဝဲဝဲနှင့်“ဆင်းတုတော်အတွက် ကျောင်းဆောင်ရှိပြီ။ ခုလို ဆင်းတုတော် ရောင်တော်ဖွင့်ရတာ နှစ်ပေါင်းဆယ်ချီတဲ့ စိတ်ဆန္ဒတစ်ခု ပြည့်ဝသွားတယ်။”ဟု ဆိုသူများလည်း ပါဝင်ပါသည်။
စိမ့်စမ်းကျောင်းတိုက်ကြီးသည် ၂၀၁၃ခုနှစ်နှောင်းပိုင်းတွင် စုစုပေါင်းတန်ချိန် ၁၈၀မျှရှိသော အရပ်၆မီတာရှိ ရောင်ခြည်ထွန်းတောက်ထိုင်တော်မူဘုရားနှင့် အလျား၁၀.၂မီတာရှိ ရတနာမုနိလျောင်းတော်မူဘုရားဆင်းတုတော်တို့အား ဗုဒ္ဓဘာသာထွန်းကားသည့် မြန်မာနိုင်ငံမှ တင်ပို့ခဲ့ခြင်းဖြစ်သည်။ ၎င်းဆင်းတုတော်များသည် မျက်လွှာအောက်ချ၍ ကရုဏာတရားပြည့်ဝသည့် ပုံသဏ္ဌာန် ထွန်းထုထားပြီး ဘုန်းတန်ခိုးလည်းပြည့်စုံပါသည်။ ၂၀၁၆ခုနှစ်တွင် ဒါယိကာ၊ ဒါယိကာမတို့က ဆင်းတုတော်အတွက် ကျောင်းဆောင်ဆောက်လုပ်လိုကြောင်း လျှောက်တင်ခဲ့ရာ ဆရာတော်မှလည်း ကြည်ဖြူစွာ ခွင့်ပြုခဲ့သည်။ ရောင်ခြည်ထွန်းတောက်ထိုင်တော်မူဘုရားနှင့် ရတနာမုနိလျောင်းတော်မူဘုရားဆင်းတုတော်တွင် ပတ္တမြား၊ မြ၊ နီလာကျောက်များ မြုပ်နှံထားပြီး ဆင်းတုတော်ထွန်းထုသည့် ၃နှစ်တာကာလတွင် ရာနှင့်ချီသော ပန်းပုဆရာများသည် သားသတ်လွတ်စားသုံးခဲ့ပြီး ထိုကာလအတွင်း မြွေများ ဆင်းတုတော်အား လာရောက်ရှိခိုးခြင်း၊ ပျားများ ဆင်းတုတော်အနား အသိုက်အအုံဆောက်လုပ်ခြင်းစသည့် နိမိတ်ကောင်းများလည်း ကြုံတွေ့ခဲ့ရသည်။ ဆင်းတုတော်အား တည်ထားမည့် နေရာကို ဆုံးဖြတ်ချိန်တွင်လည်း ပျားတစ်သိုက်သည် ထိုင်ဝမ်ရှိရာအရပ်တွင် အသိုက်အအုံ လာရောက်ဆောက်လုပ်ခဲ့လေရာ ဆင်းတုတော်များနှင့် ထိုင်ဝမ်အကြား အံ့ဖွယ်ကောင်းသော ရေစက်ကိုလည်း တွေ့မြင်နိုင်ပါသည်။
၁၀နှစ်တာ ကြိုးပမ်းမှုဖြင့် ဆင်းတုတော်များအတွက် ကျောင်းဆောင်တည်ဆောက်၊ ဆင်းတုတော်များ၏ ရောင်ခြည်တော်များ လူ့ပြည်တွင်ထွန်းတောက်
ဇွန်လ၁၄ရက်နေ့တွင် ကောင်းကင်ယံ၌ မင်္ဂလာရှိသော တိမ်တိုက်များ ပြည့်လျှံကာ တောင်ထိပ်နှင့် ပင်လယ်ပြင်ပေါ်သို့ ကျရောက်နေပါသည်။ နံနက် ၁၁နာရီ၃၀မိနစ်တွင် စိမ့်စမ်းချမ်းအေးရိပ်သာကြီးသည် လူသူစည်ကား၍ ရယ်သံမောသံများဖြင့် ဆူညံနေပါတော့သည်။ နေ့လည်စာ တည်ခင်းဧည့်ခံချိန်တွင် ဖူလုံမူလတန်းကျောင်းမှ ဘင်ခရာအဖွဲ့က အတီးအမှုတ်များဖြင့် ဖျော်ဖြေကာ အခမ်းအနားကြီးအား စတင်ပေးလိုက်ပါသည်။ ထို့နောက်ဧည့်ကြိုသူငယ်များက ဧည့်သည်တော်များအား ရောင်ခြည်ထွန်းတောက်တံခါး နှင့် ရတနာမုနိတံခါးသို့ ခေါ်ဆောင်ခဲ့ကြသည်။ ထိုအချိန်တွင် တရုတ်ရိုးရာနဂါးအက ကနေသည့် နဂါးများကလည်း နှုတ်ခမ်းများမှ ဆုမွန်ကောင်းများ ရေးသားထားသော စာသားများ ချပြခဲ့ပြီး အိုးစည်ဗုံသံများနှင့် ဗျောက်ဖောက်သံများသည်လည်း စည်ကားသိုက်မြိုက်စွာ ထွက်ပေါ်လာခဲ့သည်။
အခမ်းအနားသို့ ကျုံဟွာလူ့ပြည်ဗုဒ္ဓဘာသာအသင်း၏ ကြီးကြပ်ရေးမှူးနှင့် တရုတ်ဗုဒ္ဓဘာသာအသင်း၏ ဒုတိယဥက္ကဌ ဆရာကြီး မင်ကွမ်း၊ ဖော်ကွမ်းစမ်းဘုရားကျောင်း၏ လက်ထောက်နာယကဆရာတော် ဆရာကြီး ဟွေလွင်၊ ကွမ်ရှုတ်ဘုရားကျောင်းမှ ဆရာကြီး သာဟွေ့၊ စန့်ဟွဘုရားကျောင်း၏ နာယကဆရာတော် ဆရာကြီး ရွှန်ယုံ၊ ကောင်းရှုံမြို့ ကွမ်ယွန်ဘုရားကျောင်း၏ နာယကဆရာတော် ဆရာကြီး ဖာကော်၊ ရှန်ကွမ်းစမ်းဘုရားကျောင်း၏ ကြီးကြပ်ရေးမှူး ဆရာကြီး ကျန်ကြု၊ ကျုံဟွာလူ့ပြည်ဗုဒ္ဓဘာသာအသင်းမှ ဝါရင့်ဆရာတော်ကြီးများ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဝူထန်အန်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ဘာသာရေးနှင့် ဓလေ့ထုံးတမ်းများဌာန ညွှန်ကြားရေးမှူး လင်ချင်းချီ၊ နယူးထိုင်ပေမြို့၏ ဒုတိယမြို့တော်ဝန် ကြုထိကျီး၊ ကုန့်လျောက်ခရိုင်ဝန်ကြီး ခဲကျန့်ဟွေ၊ နယူးထိုင်ပေမြို့ ရွှေ့ဖန်းရဲစခန်းမှ စခန်းမှူး လီကျိယွမ်၊ လင်ဂျူးတောင်ဒါယိကာများအဖွဲ့၏ ဒုဥက္ကဋ္ဌ ဟောရီ၊ ကျိန်းလိပိရှယ်နှင့် အခြားဒါယိကာကြီးများ၊ စိမ့်စမ်းချမ်းအေးရိပ်သာ တည်ဆောက်ရာတွင် ပူးပေါင်းပါဝင်ခဲ့သော အင်ဂျင်နီယာနှင့် ဗိသုကာပညာရှင်ကြီးများ စသည့်ဧည့်သည်တော် အများအပြား တက်ရောက်ခဲ့ပါသည်။
ARနည်းပညာ၊ အလင်းနှင့် အရိပ်တို့ ပေါင်းစပ်၍ နတ်ပြည်ရှုခင်းအား ခင်းကျင်းပြသ
ဖွင့်ပွဲအပြီးတွင် ဧည့်သည်တော်များသည် စိမ့်စမ်းချမ်းအေးရိပ်သာအတွင်းသို့ အတူတကွ ဝင်ရောက်ခဲ့ကြသည်။ ရိပ်သာကြီးထဲတွင် ARနည်းပညာနှင့် LEDမီးချောင်းများ အသုံးပြု၍ ဆင်းတုတော်များရှေ့မှောက်တွင် ကွမ်ရင်မယ်တော်၊ နာမည်ကြီးဂူဘုရားများ၊ ဥတ္တရအလင်းတန်းများ၊ တောတောင်ရှုခင်းများ စသည့်ရုပ်ပုံများ အလှည့်ကျ ပုံဖော်ပြသထားလေရာ ရှုမြင်သူများသည် ထိုရှုခင်းများအတွင်း ရောက်ရှိနေပြီး နတ်ဘုရားများနှင့် အတူရှိနေသကဲ့သို့ ခံစားရလေသည်။
ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဝူထန်အန်းမှ ပြည်ထဲရေးဝန်ကြီးဌာန လျှိုစစ်ဖန်ဝန်ကြီးကိုယ်စား မိန့်ခွန်းပြောကြားခဲ့ပါသည်။ ဒုဝန်ကြီး ဝူထန်အန်းက စိမ့်စမ်းချမ်းအေးရိပ်သာကြီး ဆောက်လုပ်ပြီးစီးခြင်းသည် လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့၏ တရားဓမ္မပြန့်ပွားရေးလုပ်ငန်းအတွက် ခြေလှမ်းသစ်ဖြစ်ရုံသာမက ထိုင်ဝမ်၏ ဗုဒ္ဓဘာသာပြန့်ပွားရေးတွင်လည်း မှတ်တမ်းသစ်တစ်ခုဖြစ်ကြောင်း ပြောကြားပါသည်။ ဆင်းတုတော်နှစ်ဆူနှင့် တရားဓမ္မအား ကာကွယ်ခြင်းနှင့် နိုးကြားခြင်း ကိုယ်စားပြုသည့် ဝရဇိန်မိုးကြိုးသွားဒေါက်တိုင်နှင့် ပညာဆီမီးတို့သည်လည်း ကောင်းချီးသြဘာနှင့် ဉာဏ်ပညာတို့ လူ့ပြည်တွင် ပြန့်နှံ့နေသကဲ့သို့ ပုံဖော်ထားသည်ဟုလည်း ချီးမွှမ်းခဲ့ပါသည် နယူးထိုင်ပေမြို့၏ မြို့တော်ဝင် ဟုတ်ယိုယီကိုယ်စား ဖွင့်ပွဲတက်ရောက်ခဲ့သော ဒုမြို့တော်ဝန် ကြုထိကျီးကလည်း အရှင်စင်တောက်၏ “ ဝိညာဏသည် ဂေဟဗေဒဖြစ်သည်”ဟူသည့် အယူအဆကို အားပေးခဲ့ပြီး ဆရာတော်ကြီး၏ ဝိညာဏဂေဟဗေဒစနစ်အတွက် စဉ်ဆက်မပြတ်ကြိုးစားမှုသည် လူတိုင်းအတွက် စံနမူနာဖြစ်သည်ဟု အသိမှတ်ပြုခဲ့ပါသည်။ ဒုမြို့တော်ဝန်က စိမ့်စမ်းချမ်းအေးရိပ်သာကြီးသည် ဘာသာရေးဒဿန၊ အနုပညာဗေဒ၊ ဗိသုကာဒီဇိုင်းနှင့် သိပ္ပံနည်းပညာများအား ဝိညာဏပလက်ဖောင်းတစ်ခုအဖြစ် ပေါင်းစပ်ထားခြင်းသည် ထိုင်ဝမ်၏ အရှေ့မြောက်ထောင့်တွင် ယဉ်ကျေးမှုဆိုင်ရာမှတ်ကျောက်တစ်ခု ချမှတ်နိုင်ခြင်းဖြစ်သည်ဟုလည်း တင်စားချီးကျူးခဲ့ပါသေးသည်။
လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့သည် ထေရဝါဒ၊ မဟာယာန၊ ဝဇိရယာနဟူသော ဗုဒ္ဓဘာသာ၏ အဓိကဂိုဏ်းကြီးသုံးဂိုဏ်းအား ခံယူထားလေရာ အခမ်းအနားသို့ မြန်မာနိုင်ငံမှ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၏ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရ၊ ဗုဒ္ဓဒေသနာပြန့်ပွားရေးပညာဌာန လက်ထောက်ဌာနမှူး အရှင်ထေရာသဘနှင့် ထိုင်းနိုင်ငံ Wat Bowonniwetကျောင်းတိုက်မှ ဆရာတော်Phrakru Sangkasitthikornစသည့် ထေရဝါဒရဟန်းသံဃာများလည်း တက်ရောက်ခဲ့ကြပြီး ထေရဝါဒဗုဒ္ဓဘာသာ၏ ထုံးတမ်းစဉ်လာအရ ရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာနှင့် ပဌာန်းတရားတော်များ ရွှတ်ဖတ်ပူဇော်ကာ ဘုရားပန်းနှင့် ထီးတော်များလည်း ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ဗုဒ္ဓဘာသာဂိုဏ်းကြီးသုံးဂိုဏ်း ဘုရားရှင်၏ သီလတရားအား အတူချီးမြှောက်၊ မြတ်စွာဘုရား၏ ကရုဏာတရား အလုံးစုံပြန့်နှံ့
၂၀၂၅ခုနှစ် ဇွန်လ ၁၄ရက် ညနေ၂နာရီ၃၀မိနစ်တွင် မင်္ဂလာရေဖျန်းပက်သည့် အခမ်းအနားစတင်ခဲ့ပြီး ဧည့်သည်တော်များသည်လည်း အမွှေးတိုင်များထွန်းညှိပူဇော်၍ ဆုတောင်းမေတ္တာပို့သခဲ့ကြသည်။ ထို့နောက် ကရုဏာသုတ် ရွတ်ဖတ်ပူဇော်သံများအကြားတွင် ဆရာတော် အရှင်စင်တောက်မှ ရိပ်သာပတ်ပတ်လည်နှင့် ဆင်းတုတော်တို့အား ရေဖျန်းပက်၍ ရောင်တော်ဖွင့်အခမ်းအနားအား စတင်ခဲ့ပါသည်။ ပဌာန်းရွတ်ဖတ်သံ တညံညံအကြားတွင် အိုးစည်ဗုံသံများသည်လည်း မင်္ဂလာရှိစွာ တီးခတ်လျက်ရှိပါသည်။ ရောင်တော်ဖွင့်အခမ်းအနားတွင် ဆရာတော် အရှင်စင်တောက်က ယခုကဲ့သို့ ရိပ်သာကြီး အောင်မြင်စွာ ပြီးမြောက်နိုင်ခြင်းသည် ဒါယိကာ၊ ဒါယိကာမအားလုံး၏ ကြိုးပမ်းမှုကြောင့်ဖြစ်ပြီး ရိပ်သာကြီး ဆောက်လုပ်ရေးတွင် ပါဝင်ခဲ့သူအားလုံးကို ကျေးဇူးတင်ရှိကြောင်း မိန့်ကြားခဲ့သည်။ လွန်ခဲ့သော နှစ်၄၀ခန့် ဆရာတော် လင်ဂျူးတောင်ပေါ်တွင် ဂူအောင်း၍ တရားကျင့်ကြံစဉ်ကတည်းက ဗုဒ္ဓတရားတော်အား ဖူလုံဒေသ၌ ထွန်းကားစေပြီး ဤဒေသ၊ ဤရေမြေ၊ ဤနိုင်ငံ၊ ဤလောကအား ဗုဒ္ဓတရားဖြင့် အကြိုးပြုမည်ဟု သံဓိဌာန်ချမှတ်ခဲ့သည်။ ဆရာတော် သံဓိဌာန်ချမှတ်ခဲ့သည့်အတိုင်း စိမ့်စမ်းချမ်းအေးရိပ်သာကြီးသည် ဗုဒ္ဓတရားတော် ဒေသတွင်း ထွန်းကားစေမည့် ခြေလှမ်းသစ်နှင့် ရတနာမြေကြီး ဖြစ်ခဲ့ရပါသည်။ ရိပ်သာကြီးသို့ ရောက်လာသော ပရိသတ်အပေါင်းတို့သည် ဤရတနာမြေကြီး၌ ဗုဒ္ဓတရားတော်နှင့် ထိတွေ့ခွင့်ရပြီး ဉာဏ်ပညာများ တိုးပွားကာ ကောင်းသည့် ကုသိုလ်ကံများသည်လည်း ပြည့်စုံလာရန် ဆရာတော် အရှင်စင်တောက်မှ ဆုမွန်ကောင်း တောင်းပေးခဲ့ပါသည်။
ဆက်လက်၍ ရိပ်သာပတ်ပတ်လည်ရှိ မီးများ ထွန်းညှိသည့် အခမ်းအနားတွင် ရိပ်သာကြီး၏ အဓိက ဒါယိကာကြီးဖြစ်သည့် ချန်ကျင့်ချိုက်က လေဆာညွှန်တံဖြင့် ကြယ်ရောင်လင်းလက်နေသော ကောင်းကင်ကြီးကဲ့သို့ ဖန်တီးထားသော ရိပ်သာမျက်နှာကြက်မှ မီးများအား ထွန်းညှိလိုက်လေရာ စက္ကန့်ပိုင်းအတွင်း ဥက္ကာပျံများ ကောင်းကင်တခွင်ကို ဖြတ်သန်း၍ တောက်ပခဲ့လေသည်။ ဤလင်းလက်တောက်ပသော ဥက္ကာပျံအလင်းတန်းများသည် ဗုဒ္ဓမြတ်စွာဘုရား၏ ရောင်ခြည်တော်များ ထွန်းလင်းတောက်ပ၍ သက်ရှိသတ္တဝါအားလုံး ဗုဒ္ဓ၏ အရှိန်အဝါအောက်ရှိကြောင်းကို ပြသထားခြင်းဖြစ်သည်။ မီးထွန်းညှိပြီးသွားချိန်တွင် ပရိသတ်အားလုံးလက်ဝယ်တွင် ဆီမီးတစ်ခုစီ ကိုင်ဆောင်ကာ ဆုတောင်းမေတ္တာများ ပို့သခဲ့ကြသည်။ ထိုအခိုက်အတန့်တွင် ရာနှင့်ချီသော ဆီမီးများ လင်းထိန်လာကာ ဆုတောင်းမေတ္တာပို့သသံများသည်လည်း သံပြိုင်ထွက်ပေါ်လာခဲ့သည်။ ရိပ်သာတွင်း သီတင်းသုံးဆောင်သည့်သံဃာတော်များ ဦးဆောင်၍ ဆင်းတုတော်ရှေ့မှောက်တွင် ပဌာန်းတရားတော်များ ရွတ်ဖတ်ပူဇော်သံများသည် ပင်လယ်ရေလှိုင်းသံကြီးများပမာ လူ့ပြည်မှနတ်ပြည်သို့ ရိုက်ခတ်လျက်ရှိပြီး နတ်လူသာဓုခေါ်ဆိုခဲ့သည့် ဘုရားဆင်းတုတော် ရောင်တော်ဖွင့်အခမ်းအနားသည်လည်း အောင်မြင်စွာ နိဂုံးချုပ်၍ ရိပ်သာကြီး၏ သမိုင်းတွင်လည်း မှတ်ကျောက်တင်ခဲ့မည်ဖြစ်ပါသည်။
တရားကျင့်ကြံအားထုတ်မှုသည် အဓွန့်ရှည်တည်တန့်၍ တရားဓမ္မထိန်းသိမ်းသည့် ကုသိုလ်ကောင်းမှုများသည်လည်း ထာဝစဉ်တည်ရှိ
စည်းလုံးခြင်းသည် အင်အားဖြစ်သည်။ ဆရာတော် အရှင်စင်တောက်က ရိပ်သာကြီး ဆောက်လုပ်ရေးတွင် ပါဝင်လှူဒါန်းခဲ့သည့် ဒါယိကာ၊ ဒါယိကာမအားလုံးကို ကျေးဇူးတင်ရှိကြောင်း၊ ၎င်းတို့၏ ပူးပေါင်းပါဝင်မှုဖြင့်သာလျှင် ရိပ်သာကြီး အောင်မြင်စွာ ဆောက်လုပ်ပြီးစီးနိုင်ကြောင်း ထပ်မံမိန့်ကြားခဲ့သည်။ ထိုအလှူရှင်များအတွင်းတွင် လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့၏ ဂုဏ်ထူးဆောင်ဒါရိုက်တာဘုတ်အဖွဲ့ဥက္ကဋ္ဌ ချန်ကျင့်ချိုက်၊ မလေးရှားနိုင်ငံမှ ဒုဥက္ကဌ ရဲ့စိမ်းယိုနှင့် မိသားစု၊ ဒုဥက္ကဌ ဟွမ်ဟန့်မင်၊ လင်ဖန်ကျင်ပရဟိတဖောင်ဒေးရှင်း၏ အမှုဆောင်ဒါရိုက်တာ လင်ဖန်ခွမ်၊ ကော်ရန်ကုမ္ပဏီ၏ တည်ထောင်သူ ဟုတ်ရှီဖုန်၊ ယွမ်ဟုံဆောက်လုပ်ရေးကုမ္ပဏီ၏ တည်ထောင်သူ ခယ်ဟုန်ကျုံး၊ ထိုင်းနိုင်ငံ ဟာဒါလီပန်ကာကုမ္ပဏီ၏ တာဝန်ခံ ချူဟွေ့လင်နှင့် မိသားစုတို့သည် ဆရာတော်၏ ရိပ်သာကြီး တည်ဆောက်လိုသော ဆန္ဒအား မိမိဆန္ဒကဲ့သို့ သဘောထား၍ ရိပ်သာကြီးဆောက်လုပ်ရေးနှင့် ဆင်းတုတော်ထွန်းထုပင့်ဆောင်ရေးလုပ်ငန်းများကို အစွမ်းကုန်ပံ့ပိုးပေးခဲ့ပြီး ကမ္ဗည်းတိုင်တွင် မော်ကွန်းထိုးနိုင်ကာ အနာဂတ်ကိုလည်း ခြေလှမ်းသစ်များ လှမ်းနိုင်ခဲ့ပါသည်။ ထို့အတွက် ဆရာတော် အရှင်စင်တောက်မှ အထက်ပါ အလှူရှင်များအား ကြေးတံဆိပ်ဆုများလည်း ချီးမြှင့်ဂုဏ်ပြုခဲ့ပါသည်။ (Courtesy of LJM)