အဆုံးမရှိသော မေတ္တာတရား လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့မှ မြန်မာနိုင်ငံ ငလျင်ဘေးသင့်ဒေသများ၌ အခမဲ့ ဆေးကုသမှုလုပ်ငန်းများဆောင်ရွက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများလည်း စတင်လည်ပတ်
2025-05-16
မြန်မာနိုင်ငံတွင် မတ်လ ၂၈ရက်နေ့၌ ဖြစ်ပွားခဲ့သော ပြင်းထန်ငလျင်ကြောင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်တို့သည် ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့လေရာ လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့၏ နယ်စည်းမခြား ကူညီကယ်ဆယ်ရေးလုပ်ငန်းများသည်လည်း ယနေ့ချိန်ထိ အဆက်မပြတ် ဆောင်ရွက်နေဆဲဖြစ်သည်။ လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့သည် “အဆုံးမရှိသော မေတ္တာတရား ”ဖြင့် ဆေးဝါးပစ္စည်းများ ဝယ်ယူရန် အလှူငွေများ လှူဒါန်းခဲ့ပြီး NGOအဖွဲ့စည်းတစ်ခုဖြစ်သော “Community Partners International ”(CPI)နှင့် အတူလက်တွဲကာ အခမဲ့ ဆေးဝါးကုသရေးလုပ်ငန်းများ လုပ်ဆောင်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်း၏ နောက်တစ်ဆင့်ဖြစ်သော “အိမ်ရာပြန်လည်တည်ဆောက်ရေး ”လုပ်ငန်းများကိုလည်း စတင်လည်ပတ်ခြင်းဖြင့် ဗုဒ္ဓ၏ ချစ်ခြင်းမေတ္တာ ဂရုဏာတရားကို မြန်မာနိုင်ငံ၌ လက်တွေ့ဖော်ဆောင်နေခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သည့် လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့၏ အဓိပတိဆရာတော် ဘဒ္ဒန္တကုသလသည် ဗုဒ္ဓ၏ ဂရုဏာတရားအား ရင်ဝယ်ပိုက်လျက် ငလျင်သတင်းအား ကြားသိရသည်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ရန် ချက်ချင်းမိန့်ကြားခဲ့သည်။ လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့သည် မတ်လ ၃၀ရက်မှစ၍ ငလျင်ဘေးဒုက္ခသည်များအား အစားအစာများ ချက်ပြုတ်လှူဒါန်းခဲ့သည့်အပြင် ဧပြီ ၁ရက်နေ့မှစပြီး ငလျင်ဘေးသင့်ဒေသများတွင် အထူးလိုအပ်လျက်ရှိသော စားနပ်ရိက္ခာ၊ ဆေးဝါး၊ အလောင်းထည့်အိတ် စသည့်ပစ္စည်းများကိုလည်း ထိုင်ဝမ်နှင့် ထိုင်းမှ ဝယ်ယူကာ ဒုက္ခသည်များအား ကူညီပံ့ပိုးမှုများ ချက်ချင်း ပေးကမ်းနိုင်ခဲ့သည်။
မိတ်ဆွေအဖွဲ့အစည်းဖြစ်သော CPI၏ ကူညီကယ်ဆယ်ရေးစီမံချက်များကို ကြားသိရသောအခါ လင်ဂျူးတောင်ပရဟိတဖောင်ဒေးရှင်းသည် ဒေသတွင်းအကျိုးအမြတ်မယူသောအဖွဲ့အစည်းများ (NPOs)အတွက် အရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများ ပေးဆောင်နိုင်ရန် အလှူငွေလှူဒါန်းဖို့ ဧပြီလနှောင်းပိုင်းတွင် သဘောတူညီခဲ့သည်။ သဘောတူညီမှုရယူပြီး နောက်တစ်ရက်တွင် CPIမှ ကျေးဇူးတင်လွှာ ပေးပို့ခဲ့သည်။ ကျေးဇူးတင်လွှာတွင်“မြန်မာနိုင်ငံအတွက် အခက်ခဲဆုံးသော အချိန်တွင် လင်ဂျူးတောင်ပရဟိတဖောင်ဒေးရှင်းမှ လှူဒါန်းပေးကမ်းခဲ့သည်မှာ အလှူငွေတင်မဟုတ်ဘဲ မြန်မာပြည်သူပြည်သားများအတွက် မျှော်လင့်ချက်များလည်းဖြစ်ပါသည်”ဟု ရေးသားထားသည်။ ဤအလှူငွေများဖြင့် ငလျင်ဘေးဒုက္ခသည်များသည် အရေးပေါ်ဆေးကုသမှုများ ခံယူနိုင်သည့်အပြင် ၎င်းတို့အား လူသားများကြား နွေးထွေးသော ကူညီပံ့ပိုးမှုများကိုလည်း ခံစားစေရမည်ဖြစ်သည်ဟု CPIက အထူးရေးသားထားပါသည်။
အလှူငွေများ အကျိုးရှိစွာသုံးစွဲခြင်းသည်လည်း ကောင်းမွန်သည့် ရလာဒ်ကောင်းများ ဖော်ပြနေပြီဖြစ်သည်။ CPIလက်အောက်ရှိ နေ့သစ်ကျန်းမာဆေးခန်း(Nae Thit Kyan Mar)သည် မန္တလေးနှင့် စစ်ကိုင်းစသည့် ဒေသများသို့ သွားရောက်၍ ဆေးဝါးကုသမှု ရယူရန် ခက်ခဲသော ဒေသခံများအား ရှေးဦးသူနာပြုလုပ်ငန်းများ၊ အရေးပေါ်ကုသမှုများနှင့် ဆေးဘက်ဆိုင်ရာ ပညာပေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်သည်။ ဒေသခံများကလည်း ယခုကဲ့သို့ ခက်ခဲသော ကာလတွင် ကုသရေးအဖွဲ့များ ရောက်ရှိလာသည်ကို မြင်တွေ့ရသည်မှာ အလွန်ဝမ်းသာပီတိဖြစ်သည်ဟု ဆိုသည်။
လင်ဂျူးတောင်ပရဟိတဖောင်ဒေးရှင်းသည် CPIနှင့်အတူ ရေရှည်လက်တွဲ၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လာသည်နှင့်အမျှ နှစ်ဦးနှစ်ဖက်ကြားတွင်လည်း ယုံကြည်မှုများ ရရှိလာကာ အလှူငွေ၏ သုံးစွဲမှုများကိုလည်း အချိန်နှင့် တပြေးညီ သိရှိခွင့် ရလာခဲ့ပြီး အလှူငွေများကိုလည်း အလဟာဿမဖြစ်စေပဲ ထိရောက်စွာ အသုံးပြုနိုင်ခဲ့သည်။ နေ့သစ်ကျန်းမာကဲ့သို့သော ဒေသတွင်း အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်တိုးတက်စေရုံသာမက ဘာသာရေးနှင့် ပရဟိတအင်အားစုများကိုပါ လူမှုအသိုင်းဝိုင်းအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်စေနိုင်ပါသည်။
လက်ရှိအချိန်တွင် လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့သည် ကူညီကယ်ဆယ်ရေးလုပ်ငန်း၏ ဒုတိယအဆင့်ဖြစ်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းအား စတင်အားစိုက်နေပြီဖြစ်သည်။ လင်ဂျူးတောင် ရန်ကုန်မဟာကုသလရာမကျောင်းတိုက်၏ အမှုဆောင် ကျင့်ညန့်ဆရာကြီး၏ ကွင်းဆင်းလေ့လာမှုအရ ရန်ကုန်-နေပြည်တော်သွားလမ်းတွင် တည်ရှိသော ကျေးရွာနှစ်ခုမှာ ငလျင်ဒဏ်ကြောင့် ရွာလုံးကျွတ်နီးပါး ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စုများစွာ အိုးအိမ်မဲ့ ဖြစ်ခဲ့ရလေရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဦးစားပေးဒေသအဖြစ် သတ်မှတ်ခဲ့သည်။ ထို့ပြင် ကျေးရွာနှစ်ခုကြားတွင် တည်ရှိသော ကျေးလက်ကျန်းမာရေးဌာနသည်လည်း လုံးဝပျက်စီးယိုယွင်းသွားကာ ရွာကျောင်း၏ မြေမျာက်နှာပြင်သည်လည်း ဖောင်းကြွလာသောကြောင့် နေရာသစ်ရှာဖွေ၍ ပြန်လည်တည်ဆောက်ရမည်ဖြစ်သည်။ ထို့အတွက် “အိမ်ရာပြန်လည်တည်ဆောက်ရေး ”စီမံကိန်းအား စတင်အကောင်ထည်ဖော်ဆောင်ကာ ငလျင်ဘေးဒုက္ခသည်များအား အိုးအိမ်ပြန်လည်ထူထောင်စေ၍ ဘုရားကျောင်းကန်များလည်း ပြန်လည်တည်ဆောက်ကာ ဒေသခံများ ဗုဒ္ဓအရိပ်အောက်တွင် စိတ်နှလုံးချမ်းမြေ့ရာ နေရာတစ်ခု ရရှိစေမည်ဖြစ်သည်။
နောင်မွန် မဟာကုသလရာမ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ လက်ထောက်ကျောင်းအုပ်ဖြစ်သူ ဟိန်မင်ဆရာကြီးက မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ပဲခူးတိုင်းရှိ ဘုရားကျောင်းဆောင် အမြောက်အမြားသည် ငလျင်ကြောင့် ပျက်စီးယိုယွင်းခဲ့လေရာ ကူညီမှုများ လိုအပ်လျက်ရှိသေးကြောင်း မိန့်ကြားသည်။ လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့သည် ဒေသတွင်းယဉ်ကျေးမှုနှင့် ဒေသခံပြည်သူတို့၏ လိုအပ်ချက်ကို အလေးထားပြီး ဒေသတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့နှင့် ထိုင်ဝမ်မှ မစ္စတာဟွမ်တို့ ဦးစီး၍ ကောက်ခံခဲ့သော အလှူငွေများသည်လည်း မန္တလေးတိုင်း အမရပူရမြို့ ၊ စစ်ကိုင်းတိုင်း ငလျင်ဘေးသင့်ကျေးရွာများရှိ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော အလုပ်မလုပ်နိုင်သေးသည့် ရာနှင့်ချီသော အိမ်ထောင်စုတို့အား တစ်အိမ်ထောင်လျှင် တစ်လ ကျပ်ငွေတစ်သိန်းနှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိသည်။
သဘာ၀ ကပ်ဘေးကြီးများသည် အကြင်နာမဲ့သော်လည်း လူသားတို့၏ မေတ္တာဂရုဏာတရားသည် အဆုံးမရှိပါချေ။ လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့သည်
အခမဲ့ဆေးဝါးကုသမှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် တည်ငြိမ်သည့် လမ်းကြောင်းများ ခင်းကျင်းပေးနိုင်ရန် မျှောင်လင့်ထားပြီး ဗုဒ္ဓ၏ ပညာနှင့်ဂရုဏာတရားကိုလည်း ဒုက္ခပင်လယ်များအကြားတွင် လမ်းပြပေးနိုင်သည့် အလင်းတန်းအဖြစ် တည်ရှိစေချင်ပါသည်။
