最新訊息

ထာဝရငြိမ်းချမ်းရေး ဗုဒ္ဓတက္ကသိုလ် မြေသန့် ကုသိုလ်တော်မင်္ဂလာအခမ်းအနားသို့  နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ တက်ရောက်ချီးမြှင့်၊ တက္ကသိုလ်ကြီး၏ မျှော်မှန်းချက်များကိုလည်း မြန်မာအစိုးရဘက်မှ ထောက်ခံအတည်ပြု

2024-06-18

လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့မှ တည်ထောင်သည့် ထာဝရငြိမ်းချမ်းရေး ဗုဒ္ဓတက္ကသိုလ်ကြီး၏ မြေသန့် ကုသိုလ်တော်မင်္ဂလာအခမ်းအနားအား ၂၀၂၄ခုနှစ် မေလပိုင်းတွင် မြန်မာနိုင်ငံ ပဲခူးတိုင်း၌ ကျင်းပခဲ့ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ ပဲခူးမြို့မစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တဂန္ဓမာ၊ ပဲခူးကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသ အပါအဝင် ဆရာတော်၊ သံဃာတော် အရှင်သူမြတ် ၁၈ပါးနှင့် ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ် သဇ္ဈာယ်တော်မူကြပြီး မြေသန့် ကုသိုလ်တော်မင်္ဂလာအခမ်းအနားအတွက် ပရိတ်ရေဖျန်းပက်ကာ ရေစက်သွန်းလောင်း အမျှပေးဝေခြင်းကိုလည်း ဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသမှ ဦးစီး၍ တရားတော်များ နာကြားပေးခဲ့သည်။ ဆက်လက်၍ PHONE THABAR COMPANY LIMITED ၏ CEO ဦးဇာနည်ရွှေသွေး၊ ဦးကျော်ကျော် စသည့် အလှူရှင်များမှ ထာဝရငြိမ်းချမ်းရေး ဗုဒ္ဓတက္ကသိုလ် တည်ဆောက်ရေးအတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့မှ ဆရာကြီး ဟိန်မင်နှင့် ဆရာကြီး ပေါက်စန်တို့မှ ဆရာတော် ဘဒ္ဒန္တကုသလ (အရှင်စင်တောက်)အား ကိုယ်စားပြု၍ အခမ်းအနားသို့ တက်ရောက်လာသော အလှူရှင်များနှင့် ဧည့်သည်တော်များထံသို့ ရွှေမိုး၊ ငွေမိုး ရွာသွန်းသည့်အနေဖြင့် ကျပ်ငွေအသစ်များ၊ ပေါက်ပေါက်၊ သကြားလုံးများကျဲကာ အခမ်းအနားအား  အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

အသစ်တည်ဆောက်ခြင်း အဓိပ္ပါယ်ဆောင်သော မြေသန့် မင်္ဂလာအခမ်းအနား၊ သားသတ်လွတ်စားခြင်းဖြင့် ဗုဒ္ဓတက္ကသိုလ်ကြီး အောင်မြင်စွာ ဆောက်လုပ်ပြီးစီးနိုင်ရေးအတွက် ဆုမွန်ကောင်းတောင်း

မြေသန့် ကုသိုလ်တော်မင်္ဂလာအခမ်းအနားတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသက လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့၏ ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တကုသလ(အရှင်စင်တောက်)၏ ဇာတိမြေသည် မြန်မာနိုင်ငံ ဖြစ်သည့်အလျောက် ဆရာတော် ဘဒ္ဒန္တကုသလသည်လည်း မြန်မာနိုင်ငံအား မေတ္တာ အစဉ်ထားရှိကြောင်း၊ ၁၉၉၄ခုနှစ်တွင် ရန်ကုန်မြို့ ကိုးထပ်ကြီးကျောင်းတိုက်၌ ဆရာတော်ကေသရအား ဥပဇ္ဈပြု၍ ကုသလဟူသည့်အမည်ဖြင့် ထေရဝါဒရဟန်းအဖြစ် ခံယူကာ ထေရဝါဒဗုဒ္ဓလမ်းစဉ်အတိုင်း တရားအားထုတ်ကျင့်ကြံကြောင်း၊ မြန်မာနိုင်ငံ လားရှိုးမြို့ နောင်မွန်ကျေးရွာတွင် မဟာကုသလရာမကျောင်းတိုက်နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တည်ထောင်ကာ ကိုရင်အပါး၄၀၀ကျော်အား ကောင်းမွန်သည့် ပညာရေးနှင့် စောင့်ရှောက်ရေးများ ပေးလျက်ရှိကြောင်း ဝမ်းသာဂုဏ်ယူစွာ မိန့်ကြားခဲ့သည်။
 
ဆရာတော် ဘဒ္ဒန္တကုသလသည် ၂၀၁၉ခုနှစ်တွင် မြန်မာနိုင်ငံ၌ ထာဝရငြိမ်းချမ်းရေး ဗုဒ္ဓတက္ကသိုလ် တည်ထောင်ရန် သန္နိဌာန်ချမှတ်ခဲ့သော်လည်း ၎င်းတက္ကသိုလ်ကြီးအား အကောင်ထည်ဖော်ဆောင်ရာတွင် အခက်ခဲများစွာကြုံတွေ့ခဲ့ရပြီး များမကြာမီအချိန်တွင် ကိုဗစ်၁၉ ကပ်ရောဂါကြီး ကမ္ဘာအနှံ့ ဖြစ်ပွားခဲ့လေရာ တက္ကသိုလ်ကြီး ဆောက်လုပ်ရေးလုပ်ငန်းမှာ ထင်ထားသည်ထက် ပို၍ကျန့်ကြာခဲ့ရသည်။ ဆရာတော် ဘဒ္ဒန္တကုသလသည် သားသတ်လွတ် အစားအစာများသာ  ဆွမ်းဘုဉ်းပေးသုံးဆောင်သူဖြစ်လေရာ ဆရာတော်ကြီး၏ တပည့်ဒါယိကာများကလည်း သားသတ်လွတ် စားသုံးကြလေသည်။ ဗုဒ္ဓဘာသာတွင် သားသတ်လွတ်စားခြင်းအား ခန္ဓာကိုယ် သန့်ရှင်းစင်ကြယ်စေသော နည်းလမ်းတမျိုးဟု ခံယူသူများရှိသကဲ့သို့ ထေရဝါဒဗုဒ္ဓဘာသာတွင်လည်း သားသတ်လွတ်ဘုဉ်းပေးသည့် ဆရာတော်များစွာရှိပါသည်။ သာမညဆရာတော်၊ ကုံလုံဆရာတော်တို့သည် သားသတ်လွတ်ဘုဉ်းပေးသည့် နာမည်ကြီးဆရာတော်များဖြစ်ပြီး ၎င်းတို့ သီတင်းသုံးတော်မူသော ကျောင်းတိုက်များကိုလည်း သားသတ်လွတ်ကျောင်းတိုက်အဖြစ် သတ်မှတ်တော်မူခဲ့ကြသည်။
 
ထာဝရငြိမ်းချမ်းရေး ဗုဒ္ဓတက္ကသိုလ်ကြီး၏ ကျောင်းပရိဝုဏ်သည်လည်း သားသတ်လွတ်ဧရိယာအဖြစ် သတ်မှတ်ထားမည်ဖြစ်လေရာ အသားငါးရှောင်ကြဉ်ခြင်းဖြင့် ကုသိုလ်ယူခြင်းသည်လည်း နတ်သိကြားတို့၏ စောင့်ရှောက်မှုကို ရရှိနိုင်လိမ့်မည်ဟု ဆရာတော် ဘဒ္ဒန္တကုသလက ယုံကြည်ထားသည်။ ဆရာတော်ဘုရားကြီးသည် တပည့်ဒါယိကာတို့အား ကျောင်းဝန်းအတွင်း သားသတ်လွတ်စားသုံးကာ ကိုယ်စိတ်နှစ်ပါး သန့်ရှင်းကြည်လင်စေ၍ ငြိမ်းချမ်းသည့် ပတ်ဝန်းကျင်အား ဖန်တီးရန် အားပေးသည်။ အသားငါးရှောင်ကြဉ်သည့် ကုသိုလ်ကောင်းမှုကြောင့် ဗုဒ္ဓတက္ကသိုလ်ကြီး တည်ထောင်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ အားလုံး ကျော်လွှားနိုင်ကာ  ဆောက်လုပ်ရေးလုပ်ငန်းများ အချိန်မီ ပြီးစီးနိုင်လိမ့်မည်ဟုလည်း ဆရာတော်က ယုံကြည်ထားပါသည်။

ကျောင်းပရိဝုဏ်အား ဧရိယာနယ်ပယ် ခွဲခြားသတ်မှတ်၊ ထူးချွန်သည့် ရဟန်းသံဃာများ ပြုစုပျိုးထောင်ကာ ဓမ္မမိတ်ဆွေအသစ်များလည်း ဖိတ်ခေါ်မိတ်ဆက်

ထာဝရငြိမ်းချမ်းရေး ဗုဒ္ဓတက္ကသိုလ်ကြီး၏ ကျောင်းပရိဝုဏ်အား မြင့်မြတ်သောဧရိယာ၊ ထာဝရငြိမ်းချမ်းရေး ဗုဒ္ဓတက္ကသိုလ်ကျောင်းဆောင်၊ အော်ဂဲနစ်စိုက်ပျိုးရေးခြံ၊ ဝိညာဏဂေဟဗေဒပန်းခြံဟူ၍ နယ်ပယ်ကြီး၅ခု ပိုင်းခြားထားကြောင်း ဆရာကြီးဟိန်မင်က မိန့်ကြားသည်။ မြင့်မြတ်သောဧရိယာနှင့် ထာဝရငြိမ်းချမ်းရေး ဗုဒ္ဓတက္ကသိုလ်ကျောင်းဆောင်တို့တွင် ဗုဒ္ဓသာသနာတော်ပြန့်ပွားရေးနှင့် ဓမ္မမိတ်ဆွေသစ်ပွားများရေးကိစ္စများ အဓိကဆောင်ရွက်မည်ဖြစ်ပြီး မြင့်မြတ်သောဧရိယာသည် ကမ္မဋ္ဌာန်းဥယျာဉ်ကို ဗဟိုပြုသည့် တရားအားထုတ်ရန် ဆိတ်ငြိမ်ကျယ်ပြောလှသော နေရာတစ်ခုဖြစ်ရာ အနာဂတ်တွင် ကမ္မဋ္ဌာန်းသင်တန်းများ မကြာခဏကျင်းပကာ ပုထုဇဉ်များ ကမ္မဋ္ဌာန်းတရားတော် ပိုမိုတတ်သိနားလည်နိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ထာဝရငြိမ်းချမ်းရေး ဗုဒ္ဓတက္ကသိုလ်ကျောင်းဆောင်နယ်ပယ်တွင် အဆင့်မြင့်ပညာရေး၊ ပရိယတ္တိပညာရေး၊ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရေးဟူသည့် ပညာရေးကဏ္ဍ ၃မျိုးဖြင့် နိုင်ငံတကာရေးရာနှင့် ဂေဟဗေဒစနစ် တတ်သိနားလည်ကာ  အတတ်ပညာတစ်ခုခုကျွမ်းကျင်ပြီး ဗုဒ္ဓသာသနာစောင့်ထိန်းသော ထူးချွန်သည့် ကျောင်းသားများ ပြုစုပျိုးထောင်ပေးမည်ဖြစ်သည်။ ၎င်းကျောင်းသားများသည် နောင်အခါတွင် ဗုဒ္ဓသာသနာထွန်းလင်းပြန့်ပွားရေးအပြင် မြန်မာနိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်လည်း အဓိကခွန်အားဖြစ်လာနိုင်မည်ဖြစ်သည်။
 
ထာဝရငြိမ်းချမ်းရေး ဂေဟဗေဒဥယျာဉ်သည် အဝေးပြေးကားလမ်းမဘေးတွင် တည်ရှိပြီး အဘယလာဘ သန္တိသုခ ရာဇမုနိရုပ်ပွားတော်၊ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော် စသည့် ဆင်းတုတော်များ တည်ထားကိုးကွယ်ထားမည်ဖြစ်သည်။ ဤကဲ့သို့ သပ္ပါယ်လှသော ရုပ်ပွားဆင်းတုတော်များ တည်ထားကိုးကွယ်ခြင်းအားဖြင့် ဗုဒ္ဓသာသနာအား စိတ်ပါဝင်စားစွာ သင်ယူလိုသည့် ဓမ္မမိတ်ဆွေများ ပွားများလာနိုင်ရန် မျှော်လင့်ထားသည်။ ထို့အပြင် ဥယျာဉ်အတွင်း ထာဝရငြိမ်းချမ်းရေး ဗုဒ္ဓတက္ကသိုလ်ပြတိုက် ဖွင့်လှစ်ထားပြီး ပန်းပုပန်းခြံများ၊ ဆေးဖက်ဝင် အပင်ပန်းခြံများလည်း ပြုပြင်ကာ ဝိညာဏနှင့် ပရိယတ္တိပညာရေးတို့အား အနုပညာဖြင့် ပေါင်းစပ်ထားမည်ဖြစ်သည်။ ဤသို့ဖြင့် ဥယျာဉ်သို့ ရောက်ရှိလာသော အများပြည်သူတို့အား အနုပညာကမ္ဘာကြီးထဲတွင် နက်ရှိုင်းသော ထိတွေ့လှုံ့ဆော်မှုများကို ခံစားစေကာ ထာဝရငြိမ်းချမ်းရေး ဗုဒ္ဓတက္ကသိုလ်ကြီး တည်ထောင်သည့် မျှော်မှန်းချက်များကို မျှဝေခံစားပြီး ဝိညာဏဂေဟစနစ်၏ အဓိပ္ပါယ်ကိုလည်း နားလည်စေနိုင်မည်ဖြစ်သည်။

အော်ဂဲနစ်စိုက်ပျိုးရေးခြံကိုမူ ယခင်က မစိုက်ပျိုးဘဲ စွန့်ပစ်ထားသော လယ်ကွင်းများကို စီးပွားရေးတန်ဖိုးမြင့်မားသည့် အော်ဂဲနစ်သီးနှံများ ပြောင်းလဲစိုက်ပျိုးကာ အခြေခံထုပ်ပိုးမြှင့်တင်မှုများ စီမံဆောင်ရွက်၍ နေရာအနှံ့ ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်သည်။ ဤသို့ရောင်းချခြင်းအားဖြင့် စိုက်ပျိုးရေးခြံ၏ ဝင်ငွေတိုးပွားလာစေကာ ခြံတွင်းနေ တောင်သူလယ်သမားများ၏ လူနေမှုဘဝအား တိုးတက်မြှင့်တင်သွားရန် စီစဉ်လျက်ရှိသည်။ ဝိညာဏဂေဟဗေဒပန်းခြံသည် များပြားသော သစ်တောအရင်းအမြစ်များနှင့် ပြန့်ပြူးသော မြေမျက်နှာသွင်ပြင်ရှိပြီး သစ်တောဥယျာဉ်အဖြစ် စီစဉ်ရန် သင့်လျော်သည့် ပန်းခြံကြီးတစ်ခုဖြစ်သည်။ ဤပန်းခြံတွင်း လာရောက်လည်ပတ်သူများသည် သဘာဝ၏ ရင်ခွင်ကြီးထဲ ပျော်မွှေ့စွာ လှည့်လည်သွားလာနိုင်ပြီး အာရုံငါးပါးဖြင့် ကမ္ဘာမြေကြီးအား ချိတ်ဆက်နိုင်မည်ဖြစ်သည်။

ဥယျာဉ်ပန်းခြံများ စီမံခန့်ခွဲရာတွင် တိုကျို တက္ကသိုလ်မှ သစ်ပင်ဆရာဝန်ပါဝင်၊ ဒေသန္တရ ရာသီဥတု ပိုမိုကောင်းမွန်လာစေရေး အကျိုးပြုနိုင်ရန် မျှော်မှန်း

ထာဝရငြိမ်းချမ်းရေး ဗုဒ္ဓတက္ကသိုလ် ကျောင်းပရိဝုဏ်တွင်းရှိ ဥယျာဉ်ပန်းခြံများ စီမံခန့်ခွဲရာတွင် ထိုင်ဝမ်၏ ပထမဦးဆုံးသော အမျိုးသမီး သစ်ပင်ဆရာဝန်ဖြစ်သူ ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်မှ ဒေါက်တာဘွဲ့ရရှိထားသည့် ဒေါက်တာ ကျန်ဖုန်းချွင်လည်း ပါဝင်သည်။ ဒေါက်တာ ကျန်ဖုန်းချွင်သည် ရှုခင်း၊ သစ်တောနှင့် မြေဆီလွှာ စီမံရေးဆိုင်ရာ နယ်ပယ်များတွင် ကျွမ်းကျင်သည့် ပညာရှင်တစ်ဦးဖြစ်ပြီး ထာဝရငြိမ်းချမ်းရေး ဗုဒ္ဓတက္ကသိုလ် ဥယျာဉ်ပန်းခြံ၏ မြေဆီလွှာများကို အခြေခံမှစ၍ ပြုပြင်ပြောင်းလဲကာ အရည်သွေးမြှင့်တင်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းပေးခဲ့သည်။

ဧပြီလကုန်တွင် Relay Weatherမှ ထုတ်ပြန်သော အချက်အလက်များအရ မြန်မာနိုင်ငံ ချောက်မြို့၏ အပူချိန်သည် ၄၈.၂ စင်ဒီဂရိတ်ထိ မြင့်မားခဲ့ပြီး ကမ္ဘာ့အပူချိန်အမြင့်ဆုံးမြို့တော်အဖြစ် စံချိန်တင်ခဲ့ရသည်။ ထာဝရငြိမ်းချမ်းရေး ဗုဒ္ဓတက္ကသိုလ်ကြီး ဆောက်လုပ်ပြီးစီးသည်နှင့်အမျှ တက္ကသိုလ်ကြီး တည်ရှိရာ အရပ်ဒေသ၏ ပညာရေးနှင့် စီးပွားရေး သာမက ဒေသန္တရ ရာသီဥတုလည်း တိုးတက်ပြောင်းလဲလာနိုင်ရန် မျှော်မှန်းထားကြောင်း ဆရာကြီး ဟိန်မင်က မိန့်ဆိုသည်။ စိမ်းလန်းစိုပြေသည့် သစ်ပင်များ စိုက်ပျိုးခြင်းသည် အေးမြသည့် လေနှင့် ရေငွေ့များ ရရှိလာနိုင်စေပြီး မြန်မာနိုင်ငံ၏ အလွန်ပူအိုက်လှသော နွေဥတုကို အံတုကာ ဒေသန္တရတွင်း နေထိုင်သူများ သက်သောင့်သက်သာ နေထိုင်စေနိုင်မည်ဖြစ်သည်။
 
ဆရာကြီးဟိန်မင်သည် ၂၀၁၆ခုနှစ်မှစ၍ လားရှိုးမြို့နယ် နောင်မွန်ကျေးရွာတွင် မဟာကုသလရာမ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တည်ထောင်ရန်အတွက် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်လေရာ ဆယ်စုနှစ်တစ်ခုအတွင်း မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲမှုကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသူတစ်ဦးဖြစ်သည်။ ၂၀၁၀ခုနှစ်မှစ၍ မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်း ဝင်ရောက်လာရာ နိုင်ငံတွင်း အခြေခံ အဆောက်အအုံများစွာ တည်ဆောက်နိုင်ခဲ့ပြီး အင်တာနက်ကွန်ရက်ဆက်သွယ်ရေးပိုင်းတွင်လည်း ပိုမိုတိုးတက်ကောင်းမွန်လာခဲ့သည်။ ယခုနှစ်ပိုင်းတွင် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပြည်သူလူထု၏ နေ့စဉ်လူနေမှုဘဝတွင် သက်ရောက်မှုများ ရှိလာခဲ့သော်လည်း  မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည် တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာကာ စာတတ်မြောက်မှုနှုန်း သိသိသာသာ မြင့်တက်လာခဲ့သည်။ ကျောင်းသားများ ကျောင်းမှန်မှန်တက်နိုင်ရန် တွန်းအားဖြစ်စေသည့် ပညာသင်ဆုစနစ်သည်လည်း ပိုမိုပြည့်စုံလာပြီး ကျောင်းသားများ ပညာသင်ဆုအား ယခင်ထက်ပို၍ တက်ကြွစွာ လျှောက်ထားလာကြသည်။

လားရှိုးမြို့နယ် နောင်မွန်ကျေးရွာတွင် မဟာကုသလရာမ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တည်ထောင်စဉ်က အတွေ့အကြုံများနှင့်  ထာဝရငြိမ်းချမ်းရေး ဗုဒ္ဓတက္ကသိုလ်ကြီး ပရိယတ္တိပညာရေး၏ အနာဂတ် စီမံကိန်းများကိုလည်း ဆရာကြီး ဟိန်မင်က မျှဝေခဲ့သေးသည်။ အမျှော်အမြင်ကြီးမား၍ ခေတ်ပညာ ထူးချွန်စွာ တတ်မြောက်သည့် ရဟန်းသာမဏေများ မွေးထုတ်ပေးနိုင်ရန်အလို့ငှာ ထာဝရငြိမ်းချမ်းရေး ဗုဒ္ဓတက္ကသိုလ်ကြီးသည် သာသနာပြန့်ပွားရေး၊ စီမံခန့်ခွဲရေးနှင့် ပညာသင်ကြားရေးဟူသည့် ကဏ္ဍ၃ခုမှ စတင်ဆောင်ရွက်လျက်ရှိသည်။ သာသနာပြန့်ပွားရေးတွင် ခေတ်ပေါ်နည်းပညာ များဖြစ်သည့် power point၊ word စသည့် အခြေခံ ဆော့ဝဲလ်များ အသုံးပြု၍ မျိုးဆက်သစ်များအား ဆန်းသစ်သည့် နည်းစနစ်ဖြင့် တရားဟောပြောနိုင်ရန် သင်ကြားပေးမည်ဖြစ်သည်။

စီမံခန့်ခွဲမှုအပိုင်းတွင် ကျွမ်းကျင်သူများသည် စီမံခန့်ခွဲရေးအပြင် ဘဏ္ဍာရေးနှင့် အခြားနယ်ပယ်များတွင်လည်း ကျွမ်းကျင်မှုများရှိရန် လိုအပ်သည်။ ပညာသင်ကြားရေးကဏ္ဍတွင် ဆရာတော်များ တရားဟောပြောရာနှင့် ပရိယတ္တိပညာ သင်ကြားပို့ချရာတွင် ပုထုဇဉ်များ ပို၍ လွယ်ကူစွာ နားလည်သဘောပေါက်နိုင်သည့် ဝေါဟာရများ၊ နည်းစနစ်ကျစွာ ဖွဲ့စည်းထားသည့် သင်ရိုးညွှန်းတန်းများအပြင် လူငယ်များ စိတ်ဝင်စားနိုင်သည့် ရက်တိုသင်တန်းများဖွင့်လှစ်ကာ တက်ကြွ၊ စုံလင်သည့် ခေတ်မီ သင်ကြားရေးပုံစံများဖြင့် သင်ကြားပေးနိုင်ရန် ယခုခေတ် ရဟန်းသာမဏေများ တတ်မြောက်ထားသင့်သည့် ပညာများကို ပို့ချပေးသွားမည်ဖြစ်သည်။

လက်ရှိကာလတွင် မြန်မာနိုင်ငံသည် နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပွားနေလျက်ရှိရာ NGOအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးသည့် ဒေသများကို ပို၍ ကူညီထောက်ပံ့သင့်သည်ဟု ဆရာကြီးဟိန်မင်က မှတ်ချက်ပေးသည်။ ဆရာတော် ဘဒ္ဒန္တကုသလသည် မိမိ၏ ဇာတိမြေဖြစ်သည့် မြန်မာနိုင်ငံပေါ်တွင် မေတ္တာစေတနာ အလွန်ထားရှိသောကြောင့် ဆရာတော်ကြီး ဦးစီးတည်ထောင်သည့်  ဗုဒ္ဓတက္ကသိုလ်ကြီးသည် မြန်မာနိုင်ငံတွင် ယခုကဲ့သို့ အကျိုးပြုသော လုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။

ထာဝရငြိမ်းချမ်းရေး ဗုဒ္ဓတက္ကသိုလ် မြေသန့် ကုသိုလ်တော်မင်္ဂလာအခမ်းအနား အောင်မြင်စွာ ရုပ်သိမ်းနိုင်ခြင်းသည် ဆရာတော် ဘဒ္ဒန္တကုသလ ဇွဲလုံ့လဖြင့် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့သည့် လုပ်ငန်းစဉ်များ အောင်မြင်မှုရလဒ်တစ်ခု ရရှိခဲ့သည့် သင်္ကေတတစ်ခုဖြစ်သည်။ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ တက်ရောက်ချီးမြှင့်ခြင်းသည်လည်း ထာဝရငြိမ်းချမ်းရေး ဗုဒ္ဓတက္ကသိုလ် စီမံကိန်းကြီးအား မြန်မာအစိုးရဘက်မှ အားပေးထောက်ခံ၍ ဆရာတော် ဘဒ္ဒန္တကုသလ၏ ကြိုးပမ်းမှုအား အတည်ပြုကြောင်း ပေါ်လွင်စေသည်။ ထာဝရငြိမ်းချမ်းရေး ဗုဒ္ဓတက္ကသိုလ်သည် ထူးချွန်သည့် ရဟန်းသံဃာများ ပြုစုပျိုးထောင်ခြင်းမှစ၍ ဓမ္မမိတ်ဆွေအသစ်များ မိတ်ဆက်ဖိတ်ခေါ်ခြင်းထိ ပြည့်စုံသည့် စီမံကိန်းများ ရေးဆွဲထားလေရာ ဆရာတော် ဘဒ္ဒန္တကုသလ၏ ဝိညာဏဂေဟဗေဒ အတွေးအခေါ်ကိုလည်း အများပြည်သူများ သိရှိနားလည်နိုင်သည့် ပလက်ဖောင်းတစ်ခု ဖန်တီပေးနိုင်မည်ဖြစ်သည်။ များမကြာမီအချိန်တွင်းတွင် ဤတက္ကသိုလ်ကြီးသည် ငြိမ်းချမ်းရေးနှင့် ချစ်ခြင်းမေတ္တာတရားအား ပိုင်ဆိုင်ထားသည့် လူရည်ချွန်ခေါင်းဆောင်များ မွေးထုတ်ပေးနိုင်လိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်မျှော်လင့်ထားပါသည်။

English英文

Chinese中文

Back Home