最新訊息

အတွေးအမြင်ကျယ်ပြန့်၍ စိတ်ဓာတ်တည်ကြည်အေးချမ်းရန်အလို့ငှာ ကမ္ဘာအရပ်ရပ်မှ ဒါယိကာ၊ ဒါယိကာမများ လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံ၌ ဒုလ္လဘရဟန်းနှင့် သီလရှင်အဖြစ်ခံယူ

2024-01-17

လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့ အဓိပတိဆရာတော် ဘဒ္ဒန္တကုသလ (အရှင်စင်တောက်)၏ ဇာတိမွေးရပ်မြေမှာ မြန်မာနိုင်ငံဖြစ်သည့်အလျောက် ဆရာတော်သည် ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားချိန်မှစ၍ ယနေ့ထိတိုင် ထွန်းကားနေသည့် မြန်မာနိုင်ငံ၏ ထေရဝါဒဗုဒ္ဓသာသနာတော်အား ဆက်လက်ပြန့်ပွားစေရန် နှစ်ပေါင်းများစွာ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဆရာတော်သည် မြန်မာနိုင်ငံ၌ ရဟန်းခံရှင်ပြုပွဲနှင့် သံဃာတော်များအား လှူဖွယ်ပစ္စည်း ဆက်ကပ်ပူဇော်ပွဲများ နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့လေရာ လွန်ခဲ့သည့် သုံးနှစ်ကာလတွင်မူ ကိုဗစ်ကပ်ရောဂါကူးစက်ပြန့်ပွားမှုကြောင့် ခေတ္တရပ်ဆိုင်းခဲ့ရသည်။ ယခုနှစ်နှစ်ဆန်းပိုင်းတွင် သုံးနှစ်တိုင်တိုင် ရပ်ဆိုင်းခဲ့ရသည့် ၎င်းအစီအစဉ်များသည် အနယ်နယ်အရပ်ရပ်မှ မေတ္တာစေတနာရှင်များ၏ ကူညီပံ့ပိုးမှုကြောင့် အောင်မြင်စွာ ပြီးမြောက်ခဲ့ရသည်။ ယခုနှစ်တွင် ကျင်းပသည့် ရဟန်းခံရှင်ပြုပွဲတွင် ကနေဒါ၊ စင်ကာပူစသည့် နိုင်ငံများမှ ဒါယိကာ၊ ဒါယိကာမ ၇၂ဦးတို့သည် ဒုလ္လဘရဟန်း၊ သီလရှင်အဖြစ် ခံယူခဲ့ကြပြီး အခြားဒါယိကာ၊ ဒါယိကာမ ၄၀တို့သည်လည်း မြန်မာနိုင်ငံသို့ လာရောက်၍ ဘုရားဖူးမျှော်ကာ သံဃာတော်များအား လှူဖွယ်ပစ္စည်း ဆက်ကပ်ပူဇော်ပွဲတွင် ပါဝင်လှူဒါန်းခဲ့ကြသည်။

ဒုလ္လဘရဟန်း၊ သီလရှင်များ ဆံချမင်္ဂလာပြုသည့် အခမ်းအနားတွင် ဆရာတော် ဘဒ္ဒန္တကုသလ (အရှင်စင်တောက်)မှ မြန်မာနိုင်ငံသည် ဗုဒ္ဓသာသနာလွန်စွာထွန်းကားကြောင်း၊ တပည့် ဒါယိကာ၊ ဒါယိကာမများ မြန်မာနိုင်ငံ၌ ဒုလ္လဘဝတ်ချိန်အတွင်း ဗုဒ္ဓတရားတော်အား ကြိုးစားအားထုတ်၍ ကုသိုလ်ပွားများကာ နိဗ္ဗာန်သို့ဆိုက်ရောက်နိုင်အောင် ကြိုးပမ်းရင်း မြန်မာနိုင်ငံ၏ ရိုးရှင်းသည့်အလှတရားကိုလည်း ပျော်ရွှင်စွာခံစားစေလိုကြောင်း မိန့်ကြားခဲ့သည်။

ယခုအကြိမ်မြောက် ရဟန်းခံရှင်ပြုပွဲအား ဦးစီးကျင်းပသည့် လင်ဂျူးတောင် ဓမ္မ၀ံကျောင်းသစ် အပြည်ပြည်ဆိုင်ရာ၀ိပဿနာရိပ်သာ၏ တာဝန်ခံ ဆရာကြီးကျင်နန့်ကမူ လင်ဂျူးတောင်သည် မဟာယာန၊ ထေရဝါဒနှင့် တိဗက်ဗုဒ္ဓဘာသာဟူသည့် ဗုဒ္ဓဘာသာ၏ ဂိုဏ်းကြီးသုံးဂိုဏ်း ပေါင်းစပ်ကိုးကွယ်သည့် ဗုဒ္ဓသာသနာပြုအဖွဲ့ဖြစ်ပြီး မိမိတို့၏ တရားအားထုတ်ကျင့်ကြံသည့် အဆင့်၄ဆင့်တွင် ပထမဆင့်၏ အခြေခံမှာ မြန်မာနိုင်ငံ၌ဖြစ်ကြောင်း မိန့်ဆိုလေသည်။ မြန်မာနိုင်ငံသည် ဗုဒ္ဓသာသနာထွန်းကားသည့် နိုင်ငံတစ်ခုဖြစ်သည့်အလျောက် ဗုဒ္ဓတရားတော်များကို လိုက်နာကျင့်သုံးခြင်းသည် မြန်မာလူမျိုးတို့၏ ဘဝလမ်းညွှန်ချက်ဖြစ်သည်။ ဤကဲ့သို့သော ဗုဒ္ဓဘာသာကိုင်းရှိုင်းသည့် ယဉ်ကျေးမှုအစဉ်အလာနှင့် လူနေမှုပတ်ဝန်းကျင်တို့ကြောင့် မြန်မာနိုင်ငံသည် ဗုဒ္ဓတရားတော် လေ့လာသင်ယူ၍ အားထုတ်ကျင့်ကြံနေသည့် တပည့်ဒါယိကာ၊ ဒါယိကာမများအတွက် ဘာသာရေးဆိုင်ရာ မူဝါဒကောင်းများနှင့် လမ်းညွှန်ချက်ကောင်းများ ရရှိစေနိုင်သည်ဟုလည်း ဆရာကြီးကျင်နန့်က ဆက်လက်မိန့်ဆိုသည်။

ဆွမ်းခံခြင်းဖြင့် ဒါနပါရမီ၊ သီလပါရမီ ဆည်းပူးဖြည့်ဆည်း

မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာယဉ်ကျေးမှုအစဉ်အလာနှင့် လူနေမှုပတ်ဝန်းကျင်နှင့်ပတ်သက်၍ ဆရာကြီးကျင်နန့်က အောက်ပါအတိုင်း ထပ်မံရှင်းပြခဲ့သေးသည်။ “မြန်မာနိုင်ငံမှာ ရဟန်းသံဃာတွေ သပိတ်လွယ်ပြီး ဆွမ်းခံနေတာကို နေရာတကာ တွေ့မြင်နိုင်ပါတယ်။ ဒီလို သပိတ်လွယ်ပြီး ဆွမ်းခံနေတာဟာ ဗုဒ္ဓဘာသာရဲ့ ကျင့်စဉ်တမျိုးပါပဲ။ ရဟန်းတစ်ပါးအနေနဲ့ ဆွမ်းခံထွက်တဲ့အခါမှာ ကိုယ့်ရဲ့ မာန်မာနတွေ၊ ငါဆိုတဲ့ အတ္တစိတ်ကို စွန့်ပစ်ပြီးမှ သူများဆက်ကပ်လှူဒါန်းတဲ့ ဆွမ်းတွေကို ဘုဉ်းပေးနိုင်ပါတယ်။ ရဟန်းသံဃာတွေ ဆွမ်းခံကြွတယ်ဆိုတာ မြန်မာတွေရဲ့ နေ့စဉ်လူနေမှုဘဝပုံရိပ်တစ်ခုဖြစ်ပြီး ဒီထဲမှာ ပေးကမ်းခြင်း၊ လှူဒါန်းခြင်း၊ သီလစောင့်ယူခြင်းစတဲ့ ဗုဒ္ဓတရားကျင့်စဉ်တွေ ပါဝင်ပါတယ်။ မြန်မာတွေဟာ ဒါနပါရမီ၊ သီလပါရမီ ဆည်းပူးဖြည့်ဆည်းတာကို အလွန်အလေးထားသလို သူတို့ရဲ့နေ့စဉ်ဘဝမှာ အမြဲအားထုတ်ကျင့်ကြံနေကြပါတယ်။ လူတိုင်းလည်း ကျင့်ကြံနိုင်ကြပါတယ်။ ”
 

“ မြင့်မြတ်တဲ့ကုသိုလ်တွေ စုစည်းထားတာကို ပါရမီလို့ဆိုပါတယ်။ ဒီထဲမှာ ဒါနပါရမီဆိုတာ ကုသိုလ်ဘယ်လောက်ပြုနိုင်ရင် ဘယ်လောက်ဖြည့်ဆည်းနိုင်မှာဖြစ်သလို နေ့တိုင်းဖြည့်ဆည်းနိုင်ပြီး တခြားသောလူပုဂ္ဂိုလ် သို့မဟုတ် အကြောင်းအရာတွေနဲ့ နှိုင်းယှဉ်ဖို့ မလိုအပ်ပါဘူး။ ဒီလို ပါရမီ ဆည်းပူးဖြည့်ဆည်းတဲ့ ယဉ်ကျေးမှုနဲ့ လူနေမှုပတ်ဝန်းကျင်ဆိုတာ အနောက်တိုင်းနိုင်ငံတွေမှာ အလွန်ရှားပါးတာကြောင့် အဲ့ဒီကလူတွေဟာ ဒါမျိုးတွေကို ခံစားရဖို့လည်း မလွယ်ကူပါဘူး။”ဟု ဆရာကြီးကျင်နန့်က ဆက်လက် မိန့်ကြားသည်။

ဒုလ္လဘရဟန်းခံယူခြင်းဖြင့် ရဟန်းဘဝ လေ့လာခံစား    နေ့စဉ်လူနေမှုဘဝတွင် သီလ၊ သမာဓိ၊ ပညာဟူသည့် သိက္ခာသုံးပါးကျင့်ကြံ

“ဒုလ္လဘရဟန်းဝတ်တယ်ဆိုတာ ဒီ၁၀ရက်အတွင်းမှာပဲ ရဟန်း၊ သီလရှင်ဘဝကို ခံယူတာမဟုတ်ပါဘူး။ ရဟန်းဘောင်ကနေ လူဝတ်လဲပြီး ပြန်ထွက်ခဲ့ရင်လည်း ကိုယ်ကြိုးစားကျင့်ကြံရမယ့် ဗုဒ္ဓတရားတော်ကို သိရှိနားလည်သင့်သလို ကိုယ်လိုက်နာရမယ့် ဝိနည်းတွေကိုလည်း ဆက်လက်လိုက်နာသင့်ပါတယ်။ ရဟန်းဘဝကို စွန့်ခွာလိုက်ပြီဆိုပေမယ့် စိတ်မှာတော့ ရဟန်းလိုပဲ တရားအားထုတ်ပြီး မိမိရဲ့ အပြုအမှုမှန်သမျှကို ဝိနည်းအတိုင်း တစ်သဝေမတိမ်း ကျင့်ကြံရပါမယ်။”ဆိုသည့် ဆရာတော် ဘဒ္ဒန္တကုသလ (အရှင်စင်တောက်)၏ သြဝါဒကိုလည်း ဆရာကြီးကျင်နန့်က အထူးဖော်ပြခဲ့ပါသေးသည်။ ရဟန်းဘဝအား လေ့လာခံစားပြီး နေ့စဉ်လူနေမှုဘဝတွင် သီလ၊ သမာဓိ၊ ပညာဟူသည့် သိက္ခာသုံးပါး လိုက်နာစောင့်ထိန်းကျင့်ကြံကာ သံသရာမှ လွတ်မြောက်နိုင်သည့် ဉာဏ်ဉာဏ ရရှိခြင်းသည် ဒုလ္လဘရဟန်းခံယူခြင်းတွင် အရေးကြီးဆုံးသောအချက်ဖြစ်သည်ဟု ဆရာကြီးကျင်နန့်က ထင်မြင်ချက်ပေးသည်။ ထိုမှသာလျှင် ဒုလ္လဘရဟန်းခံယူသည့် ၁၀ရက်တာကာလအတွင်းတွင် ဆရာတော် ဘဒ္ဒန္တကုသလ (အရှင်စင်တောက်)မိန့်ဆိုသည့်အတိုင်း “စိတ်မှာတော့ ရဟန်းလိုပဲ တရားအားထုတ်ပြီး မိမိရဲ့ အပြုအမှုမှန်သမျှကို ဝိနည်းအတိုင်း တစ်သဝေမတိမ်း ကျင့်ကြံ”နိုင်သည့် စိတ်ထားများ ပွားများလာနိုင်မည်ဖြစ်သည်။

ကိုဗစ်ကပ်ရောဂါကြီး ကူးစက်ပြန့်ပွားမှုနှင့် နိုင်ငံရေးမတည်ငြိမ်မှုတို့ကြောင့် ယခုအကြိမ်မြောက် ရဟန်းခံရှင်ပြုပွဲသည် စိန်ခေါ်မှုများစွာ ရင်ဆိုင်ခဲ့ရသော်လည်း လင်ဂျူးတောင် ဓမ္မဝံကျောင်းသစ် အပြည်ပြည်ဆိုင်ရာဝိပဿနာရိပ်သာက ရဟန်း၊ သီလရှင်ခံယူသည့် ဒါယိကာ၊ ဒါယိကာမများအားလုံး စိတ်ကျေနပ်မှုရရှိနိုင်ရန် အစွမ်းကုန်ကြိုးပမ်းခဲ့သည်။ ၎င်းကြိုးပမ်းမှုများသည် ဒုလ္လဘရဟန်း၊ သီလရှင်များ တက်ရောက်သည့် ဓမ္မတရားသင်တန်းများတွင် အထင်ရှားဆုံး တွေ့မြင်နိုင်သည်။ ဤဓမ္မတရားသင်တန်းများကို နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရနှင့် တွဲဖက်ပါမောက္ခ၊ တွဲဖက်ဌာနမှူး ဆရာတော် ဘဒ္ဒန္တထေရာသဘတို့မှ လာရောက်ပို့ချပေးသည့်အပြင် မြန်မာနိုင်ငံ၏ အထင်ကရတရားစခန်းများဖြစ်သည့် မဟာစည်သာသနာ့ရိပ်သာ၊  စွန်းလွန်းဂူဝိပဿနာကျောင်းတိုက်နှင့် မြန်မာပြည်၏ ကမ္ဘာကျော် စေတီတော်မြတ်ကြီးဖြစ်သည့် ရွှေတိဂုံစေတီတော်ကြီးတို့ကိုလည်း ပို့ဆောင်ပေးခဲ့သည်။ သင်တန်းချိန်တွင်း ရဟန်း၊ သီလရှင်များအား မဟာကရုဏာဓါရဏီ နေ့စဉ်ရွတ်ဖတ်စေပြီး တရားထိုင်ခြင်းကိုလည်း နေ့စဉ်လုပ်ဆောင်စေခဲ့သည်။

“ဗုဒ္ဓတရားအားထုတ်တယ်ဆိုတာ နည်းလမ်း အမျိုးမျိုးရှိပါတယ်။ တစ်နေကုန် ထိုင်နေရတာပဲ မဟုတ်ပါဘူး။ တချို့အချိန်မှာ ဘုရားဝတ်ပြုပြီး တချို့အချိန်မှာ ဘုရားစာရွတ်ဖတ်၊ တချို့အချိန်မှာတော့ တရားထိုင်သင့်ပါတယ်။ ဘုရားဖူးတယ်၊ ရဟန်းသံဃာတွေကို လှူဖွယ်ပစ္စည်းတွေ ဆက်ကပ်လှူဒါန်းတယ်ဆိုတာ ဓမ္မတရားကို သင်ယူတဲ့အချိန်၊ အားထုတ်ကျင့်ကြံတဲ့အချိန်မှာ ပိုမိုအထောက်ကူပြုဖို့ဖြစ်ပါတယ်” ဟု ကျင်နန့်ဆရာကြီးက ပြုံး၍မိန့်ဆိုသည်။ ယခုကဲ့သို့သော လှုပ်ရှားမှုနှင့် ငြိမ်သက်ခြင်း နှစ်မျိုးစလုံး ပြည့်စုံသည့် သင်ရိုးများသည် သင်တန်းသားတို့အား ဗုဒ္ဓတရားသည် လူ့ဘဝအား အဆိုးမြင်သည့် ရှုထောင့်ဖြင့်သာ တွေးမြင်တတ်သည်မဟုတ်ပဲ အပြုသဘောဆောင်သည့်  ရှုထောင့်ဖြင့်လည်း ဘဝကို ဖြတ်သန်းစေသည်ကို သိရှိနားလည်စေသည်။ ယခုအကြိမ်မြောက် ရဟန်းခံရှင်ပြုပွဲသည် ဆရာတော် ဘဒ္ဒန္တကုသလ (အရှင်စင်တောက်)၏ သြဝါဒမှစ၍ သံဃာတော်များအား လှူဖွယ်ပစ္စည်း ဆက်ကပ်ပူဇော်ခြင်းနှင့် အထင်ကရ တရားစခန်းများ၊ စေတီတော်မြတ်ကြီးများ သွားရောက်ဖူးမျှော်ခြင်းစသည့် အစီအစဉ်များအားလုံးသည် ဗုဒ္ဓတရားလေ့လာသင်ယူခြင်းအတွက် အလွန်အထောက်အကူပြုသောကြောင့် တက်ရောက်သူများအားလုံး မိမိ၏ လူနေမှုဘဝတွင်လည်း ဆက်လက် လိုက်နာကျင့်ကြံစေလိုကြောင်း ဆရာကြီး ကျင်နန့်က နိဂုံးချုပ် မိန့်ကြားခဲ့သည်။

လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့၏ စေတနာထက်သန်သည့် အစီအစဉ်များအတွက် အထူးကျေးဇူးတင်   မှန်ကန်သည့် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည့် မိမိအတွက်လည်း လွန်စွာဝမ်းမြောက်

လက်ရှိ ကျောင်းတက်နေသေးသည့် သမီးလေးနှင့်အတူ ဒုလ္လဘသီလရှင်အဖြစ် ခံယူခဲ့သော အမဖိန်ချီက ယခုအကြိမ်မြောက် ရဟန်းခံရှင်ပြုပွဲအား ပါဝင်ဆင်နွှဲနိုင်သည့်အတွက် အလွန်ဝမ်းမြောက်ကြောင်း ပြောသည်။ “ကျွန်မ အရမ်းကိုကျေးဇူးတင်တာပဲ။ ဆရာတော်ကြီး၊ စေတနာ့ဝန်ထမ်းနဲ့ ဒီက ဝန်ထမ်းအားလုံးရဲ့ ကူညီမှုကြောင့် ကျွန်မတို့ အခုလို ဓမ္မတရားတွေ နာယူနိုင်တာလေ။”သူမသည် လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့တွင် စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့လေရာ အဖွဲ့ကြီးတစ်ခုလုံး၏ စေတနာအပြည့်အဝဖြင့် ကြိုးစားဆောင်ရွက်ထားသည်များကို ပို၍ ခံစားနားလည်နိုင်သည်။ “မြန်မာနိုင်ငံက ဓမ္မဝံကျောင်းသစ် အပြည်ပြည်ဆိုင်ရာ ဝိပဿနာရိပ်သာက လူအင်အား အများကြီးမရှိဘူးလေ။ စေတနာ့ဝန်ထမ်းတွေဆိုရင် တစ်နေကုန်လုံး ဝန်ဆောင်မှုတွေ ပေးနေရတာ။ ၂၀၂၄ခုနှစ်မှာတောင်မှ တစ်နေ့ကို လျှပ်စစ်မီး နာရီပိုင်းပဲရတယ်ဆိုတာကလည်း မယုံနိုင်စရာပါပဲ။ ဒါပေမယ့် ဒီက အဖွဲ့အစည်းတစ်ခုလုံးက ကျွန်မတို့တွေ တရားကျင့်ကြံတဲ့အပေါ်မှာ အာရုံစူးစိုက်နိုင်ဖို့ အခက်အခဲအားလုံးကို ဖြေရှင်းပေးခဲ့တယ်။ သူတို့က အစောကြီးကတည်းက မီးစက်တွေ ပြင်ဆင်ထားတယ်။ သန့်ရှင်းတဲ့ သောက်ရေတွေ ရအောင်လည်း စီစဉ်ပေးထားတယ်။ ကျွန်မတို့သင်တန်းတက်တဲ့သူတွေ ဒီကိုရောက်လာတော့ အဆင်မပြေတာတွေ ဘာမှကို မခံစားရသလိုပါပဲ။ ”

သူမက မိမိသည် ရှင်ပြုရန် နာမည်စာရင်း အစောဆုံး ပေးသွင်းထားသော်လည်း နီးကပ်လာချိန်တွင် စိတ်ထဲ အလွန် ရုန်းကန်ခဲ့ရသည်ဟုဆိုသည်။ ဤသို့ဖြစ်ရခြင်းမှာ လူသားတို့သည် မိမိ သက်တောင့်သက်သာ နေထိုင်နေသည့် ပတ်ဝန်းကျင်အား စွန့်ခွာ၍ အပြောင်းအလဲ ပြုလုပ်ရသည်ကို ကြောက်ရွံ့ခြင်းကြောင့်ဖြစ်ပြီး ၎င်းကြောက်ရွံ့ခြင်းကြောင့် မိမိ ဆုံးဖြတ်ချက် ချမှတ်စဉ်က မူလရည်မှန်းချက်များကိုလည်း မေ့လျော့စေတတ်ခြင်းကြောင့်ဖြစ်သည်ဟု သူမကဆိုသည်။ ယခုအချိန် နောက်ပြန်လှည့်ကြည့်သည့်အခါ ထိုစဉ်က မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည့် မိမိကို ကျေးဇူးတင်မိသည်ဟု အမဖိန်ချီက ပြောသည်။
 
မြန်မာလူမျိုးများ ရဟန်းသံဃာပေါ်တွင် ထားရှိသည့် လေးစားမှုသည်လည်း အမဖိန်ချီအား စိတ်ထဲတွင် များစွာခံစားစေရပြီး မိမိကိုယ်ကိုလည်း ပြန်လည်သုံးသပ်စေမိသည်။ “သူတို့ရဲ့ဘဝတွေဟာ အရမ်းခက်ခဲနေပေမယ့်လည်း သူတို့ရှိတာလေးတွေကို ထုတ်ပြီး လှူချင်ဒါန်းချင်ကြတယ်။ ကျွန်မတို့ရဲ့ဘဝတွေဟာ သူတို့နဲ့ယှဉ်ရင် အများကြီး ပြီးပြည့်စုံနေပေမယ့် ကျွန်မတို့က သူတို့လို ရှိသမျှ အကုန်လှူနိုင်လို့လား။” လူ့ဘောင်သို့ ပြန်လည်ဝင်ရောက်လာသည့် အမဖိန်ချီက မိမိ၏စိတ်ကို ပို၍ ရှင်းလင်းစွာ သိမြင်လာနိုင်သည်။ အမှန်စင်စစ်တွင် ကျွန်ုပ်တို့လိုအပ်သည်မှာ မများ၊ လိုချင်သည်က ပိုများနေခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် မိမိတို့၏ လောဘစိတ်ကို ထိန်းချုပ်ထားသင့်သည်။

သူမ၏ သမီးငယ်ထံမှလည်း အများကြီးသင်ယူခဲ့ရကြောင်း အမဖိန်ချီက မျှဝေခဲ့သေးသည်။ ရှင်မပြုခင်တွင် သမီးငယ်Emilyက အခြားသူ၏ အကြည့်အား ရင်ဆိုင်ရမည်ကို စိုးရိမ်သဖြင့် ဆံချရန် ချီတုံချီချဖြစ်ခဲ့သော်လည်း မြန်မာပြည်သို့ ရောက်ရှိလာသောအခါ ဆံချရန် ဆုံးဖြတ်ချက် ခိုင်ခိုင် ချမှတ်နိုင်ခဲ့သည်။“ ရိုးရိုးတရားစခန်းပဲ ဝင်ချင်တယ်ဆိုရင် ကနေဒါမှာလဲ ဝင်လို့ရတာပဲလေ။ မြန်မာနိုင်ငံထိတောင် ရောက်လာခဲ့ပြီဆိုတော့ ရှင်ပြုရဟန်းခံတဲ့ ဝိနည်းတွေကို အကုန်လိုက်နာသင့်တာပေါ့”ဟု သမီးလေးကဆိုသည်။ ယခုအစီအစဉ်တွင် နေ့စဉ်လုပ်ဆောင်ရသည်မှာ အလွန်များသောကြောင့် တချို့အချိန်များတွင် လူကြီးဖြစ်သည့် သူမပင် ပင်ပန်းသည်ဟု ခံစားရသော်လည်း သမီးငယ်လေး နေ့စဉ် ပျှော်ရွှင်ကာ လန်းဆန်းတက်ကြွနေသည်ကို တွေ့မြင်ရသည့်အခါ အမဖိန်ချီမှာ မောပန်းမှုများကို မေ့လျော့ထားရတော့သည်။

ဗုဒ္ဓဘာသာသည် ကမ္ဘာအရပ်ရပ်တွင် ပုံစံမျိုးစုံဖြင့် တည်ရှိနေလေသည်။ ဒုလ္လဘရဟန်း၊ သီလရှင်ခံယူခြင်းသည် ၎င်းတို့အတွင်းမှ ထူးခြား၍ လေးနက်သည့် တရားကျင့်ကြံနည်း တစ်မျိုးဖြစ်သည်။ ဒုလ္လဘရဟန်း၊ သီလရှင်ခံယူခြင်းဖြင့် ကျွန်ုပ်တို့သည်  စိတ်ဓာတ်တည်ကြည်အေးချမ်း၍ အတွေးအမြင်ကျယ်ပြန့်စေနိုင်သည့်အပြင် မတူညီသည့် ယဉ်ကျေးမှုတွင် ဗုဒ္ဓတရားတော်အား မည်ကဲ့သို့ ကျင့်ကြံအားထုတ်သည်ကိုလည်း လေ့လာသင်ယူနိုင်သည်။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် ဝိဉာဏပိုင်းတွင် တိုးတက်မှုရရှိလာနိုင်သလို ဗုဒ္ဓဘာသာ၏ ဉာဏ်ပညာကိုလည်း နေ့စဉ်လူနေမှုဘဝတွင် လက်တွေ့အသုံးချနိုင်ပါသည်။(Courtesy of LJM)

Chinese中文

Back Home