最新訊息

ဗောဓိသတ္တလမ်းစဉ်အား ရှေ့တန်းမှလျှောက်လှမ်း လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့၏ နေထိုင်မှုကျင့်ဝတ်(၆)ပါးအား မြန်မာနိုင်ငံ၌ လက်တွေ့အကောင်ထည်ဖော်ဆောင်

2022-10-14

ထိုင်ဝမ်လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့၏ အဓိပတိဆရာတော် ဘဒ္ဒန္တကုသလ(အရှင်စင်တောက်)သည် နေထိုင်မှုကျင့်ဝတ်(၆)ပါးဖြစ်သည့် ၁။ မြင့်မြတ်သောစိတ် ၂။မေတ္တာ ၃။ ကောင်းသောအကျင့်တရား ၄။ပေးဆပ်ခြင်း ၅။သမ္မာဒိဋ္ဌိ ၆။ ဒါန သီလ ဘာဝနာသည် လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့၏ ယဉ်ကျေးမှုဖြစ်၍ “ ကမ္ဘာမြေကြီးနှင့် ငြိမ်းချမ်းရေးအား ချစ်မြတ်နိုးခြင်း”သည် ၎င်းအဖွဲ့၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်ကြောင်း မိန့်ကြားလေသည်။ မြန်မာနိုင်ငံ လားရှိုးမြို့ နောင်မွန်ကျေးရွာရှိ မဟာကုသလရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းသည် ထူးချွန်သည့် ရဟန်းသာမဏေများ မွေးထုတ်ပေးသော ကျောင်းတော်ကြီးတစ်ကျောင်းဖြစ်လေရာ အဆိုပါ နေထိုင်မှုကျင့်ဝတ်(၆)ပါး ထွန်းကားပြန့်ပွားစေရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေရုံသာမက သာမဏေလေးများ၏ ရေရှည်ပညာရေးတွင်လည်း သင်ရိုးအဖြစ် ထည့်သွင်း သင်ကြားပေးလျက်ရှိပါသည်။ မဟာကုသလရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းသည် ကျောင်းတာဝန်ခံ ဆရာလေးဟိန်မင်၏ ဦးဆောင်မှုအောက်တွင် တရုတ်၊ မြန်မာ သင်ကြားရေးအဖွဲ့နှစ်ခုစလုံး၏ စိတ်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကမ္ဘာမြေကြီးရေရှည်တည်တံ့ခိုင်မြဲရေး၊ ရဟန်းသာမဏေများ ပညာသင်ကြားရေး စသည့်ကဏ္ဍများတွင် ကောင်းမွန်သော အနာဂတ်ဖော်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းနေပါသည်။

 

နေထိုင်မှုကျင့်ဝတ်(၆)ပါးသည် တစ်ခုတည်းသာဖြစ်၍ ကျွမ်းကျင်စွာပညာသင်ကြားပေးနိုင်သည့်စွမ်းရည်သည် မတူညီသည့် ယဉ်ကျေးမှုများကို ဖြတ်ကျော်နိုင်ခဲ့

ဟိန်မင်ဆရာလေးက နေထိုင်မှုကျင့်ဝတ်(၆)ပါးသည် ၆ခုဟုဆိုနိုင်သကဲ့သို့ တစ်ခုတည်းဟုဆိုပါကလည်း မှန်ပါသည်ဟုဆိုသည်။ ဆရာတော်ဘဒ္ဒန္တကုသလ(အရှင်စင်တောက်)မိန့်ကြားသည့်အတိုင်း နေထိုင်မှုကျင့်ဝတ်(၆)ပါးသည် လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့၏ ယဉ်ကျေးမှုဖြစ်ပြီး ၎င်းကျင့်ဝတ်(၆)ပါးသည် တစ်ခုတည်းဖြစ်၍ ပြီးပြည့်စုံသော အတွေးအခေါ်တစ်ခုအား ဖော်ဆောင်လေသောကြောင့် ခွဲဖြတ်၍မရနိုင်သောအရာတစ်ခုဖြစ်သည်။ နေထိုင်မှုကျင့်ဝတ်(၆)ပါးအား နေ့စဉ်ဘဝတွင် မည်သို့ လက်တွေ့ဆောင်ရွက်ရမည်နည်း။ ဆရာလေးဟိန်မင်က မဟာကုသလရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ဆောင်ရွက်နေသည့် လုပ်ဆောင်မှုများသည် နေထိုင်မှုကျင့်ဝတ်(၆)ပါး၏ ရည်မှန်းချက်များနှင့် နဂိုကပင် ကိုက်ညီမှုများရှိသောကြောင့် သာမဏေလေးများအား နေထိုင်မှုကျင့်ဝတ်(၆)ပါး၏ အနက်အဓိပ္ပာယ်အား အသေးစိတ်နားလည်သဘောပေါက်စေကာ အဆိုပါလုပ်ဆောင်မှုများနှင့် ကောင်းမွန်စွာ ပေါင်းစပ်စေခြင်းဖြင့် နေ့စဉ်ဘဝတွင် ၎င်းကျင့်ဝတ်များကို ပိုမိုထိရောက်စွာ လက်တွေ့ဆောင်ရွက်စေနိုင်မည်ဖြစ်သည်ဟု ဆိုပါသည်။

သာဓကအားဖြင့် မဟာကုသလရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ၆နှစ်ကျော်အကြာ လုပ်ဆောင်ခဲ့သော တစ်မိနစ်တာကမ္မဌာန်းထိုင်ခြင်းသည် နေထိုင်မှုကျင့်ဝတ်(၆)ပါးအတွင်းမှ နံပါတ်တစ်အချက်ဖြစ်သည့် နိဗ္ဗာန်ရှုမျှော်သည့် မြင့်မြတ်သည့်စိတ်နှင့် ပေါင်းစပ်နိုင်သည်။ ဗုဒ္ဓတရားတော်တွင် နိဗ္ဗာန်ဆိုသည်မှာ လောဘ၊ ဒေါသ၊ မောဟမီးများကို ငြိမ်းသတ်နိုင်ခြင်းဖြစ်လေရာ သာမဏေလေးများအား ၎င်းတစ်မိနစ်အချိန်အတွင်းတွင် လောဘ၊ ဒေါသ၊ မောဟမီးများ ငြိမ်းသတ်ကာ ဆိတ်ငြိမ်ခြင်းဖြင့် မိမိတို့၏ အာရုံကို စိတ်နှလုံးသားအတွင်းမှ ငြိမ်းချမ်းသည့် ပျော်ရွှင်မှုအရသာအား စူးစိုက်ခံစားစေသည်။ တဖန် ကျောင်းအတွင်း၌ လုပ်ဆောင်နေသည်မှာ နှစ်အတန်ကြာပြီဖြစ်သည့် အမှိုက်များကို အမျိုးအစားအလိုက် ခွဲခြား၍စွန့်ပစ်သည့်စနစ်နှင့် ဆပ်ပြာခဲများ ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်အသုံးပြုသည့် သင်ကြားမှုများသည်လည်း ကမ္ဘာမြေကြီး၏ သယံဇာတများအား ပြန်လည်အသုံးချခြင်းဖြစ်လေရာ နေထိုင်မှုကျင့်ဝတ်(၆)ပါးအတွင်းမှ နံပါတ်နှစ်အချက်ဖြစ်သည့် မေတ္တာ၊ “ ကမ္ဘာမြေကြီးနှင့် ငြိမ်းချမ်းရေးအား ချစ်မြတ်နိုးခြင်း”ဟူသည့်ချစ်ခြင်းမေတ္တာအား လက်တွေ့အကောင်ထည်ဖော်ဆောင်ခြင်းပင်ဖြစ်သည်။

ပညာသင်ကြားရေး၌ ကျွမ်းကျင်ကာ ဆန်းသစ်၊ စနစ်ကျသော သင်ကြားရေးနည်းလမ်းကောင်းများဖြင့် သာမဏေငယ်များအား နေထိုင်မှုကျင့်ဝတ်(၆)ပါး၏ အနက်အဓိပ္ပာယ်ကို နားလည်သဘောပေါက်နိုင်ရန် သင်ကြားပေးခဲ့သော စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမအဖွဲ့မှ အဖွဲ့ဝင်များကိုလည်း ဆရာလေးဟိန်မင်မှ ကျေးဇူးတင်စကားများ ပြောကြားခဲ့သည်။ မတူညီသည့်ယဉ်ကျေးမှုနှင့် ကွဲပြားသော ဘာသာစကားအား ကျော်ဖြတ်၍ သာမဏေငယ်တို့အား နေထိုင်မှုကျင့်ဝတ်(၆)ပါး၏ အနက်အဓိပ္ပာယ်ကို နားလည်သဘောပေါက်နိုင်ရန် စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမအဖွဲ့မှ ဆရာ၊ဆရာမတို့သည် လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့၏ နေထိုင်မှုကျင့်ဝတ်(၆)ပါးကို ရှေးဦးစွာသင်ယူကာ ဆရာလေးဟိန်မင်နှင့် အကြိမ်ကြိမ်အပြန်အလှန်ဆွေးနွေး၍ သင်ကြားမှုလမ်းညွှန်များ ရေးဆွဲတီထွင်ခဲ့သည်။ ထို့အပြင် ၎င်းတို့သည် သင်တန်းများဖွင့်လှစ်၍ မြန်မာဆရာ၊ ဆရာမတို့အား မျိုးစေ့ဆရာများအဖြစ် မွေးထုတ်ပေးကာ မျိုးစေ့ဆရာများမှတစ်ဆင့် ၎င်းတို့သင်ယူလာသော လမ်းညွှန်သင်ကြားနည်းဖြင့် နေထိုင်မှုကျင့်ဝတ်(၆)ပါးအား မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့် ပိုမိုနီးစပ်သည့်ပုံစံအဖြစ်ပြောင်းလဲကာ သာမဏေလေးများအား သင်ယူရလွယ်ကူနိုင်ရန် လုပ်ဆောင်ပေးခဲ့သည်။

 

ကောင်းမြတ်သည့်ကုသိုလ်ကံနှင့် စိတ်အားထက်သန်မှုကြောင့် ဒီဂျစ်တယ်နည်းပညာ အခက်အခဲများ ကျော်ဖြတ်နိုင်ခဲ့

ကိုဗစ်ကပ်ရောဂါကြီးသည် မဟာကုသလရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ ပညာသင်ကြားရေးအား မရပ်တန့်နိုင်ခဲ့ပါချေ။ ယခုနှစ်ပိုင်းတွင် နိုင်ငံရပ်ခြားမှ စေတနာရှင် ဆရာ၊ ဆရာမများသည် မြန်မာနိုင်ငံသို့ ရောက်မလာနိုင်သော်လည်း သိပ္ပံနည်းပညာ၏စွမ်းအားဖြင့် သာမဏေလေးများ၏ ပညာသင်ကြားရေးသည် စီစဉ်ထားသည့်စီမံချက်များအတိုင်း ရှေ့ဆက်နေဆဲဖြစ်သည်။ မြန်မာနိုင်ငံမှ မျိုးစေ့ဆရာများအား နေထိုင်မှုကျင့်ဝတ်(၆)ပါး သင်ကြားပို့ချပေးသည့်သင်တန်းသည် အွန်လိုင်းမှတစ်ဆင့် Zoomမီတင်ဆော့ဝဲလ်အား အသုံးပြု၍ သင်တန်းသားတို့အား အုပ်စုလိုက်ခွဲကာ တက်ရောက်စေခဲ့ခြင်းဖြင့် ၎င်းမျိုးစေ့ဆရာတို့ကိုလည်း ပွင့်လင်းမြင်သာသော၊ လမ်းညွှန်ပြသပေးသော သင်ကြားရေးစနစ်များကို ကိုယ်တိုင်ကိုယ်ကျ ထိတွေ့သင်ယူစေခဲ့သည်။

မြန်မာနိုင်ငံ၏ အင်တာနက်ကွန်ရက်သည် ဆောက်တည်နေဆဲဖြစ်သော်လည်း ဆရာလေးဟိန်မင်နှင့်အဖွဲ့သားတို့သည် ဒီဂျစ်တယ်နည်းပညာ အခက်အခဲများအား ကြိုးစားကျော်ဖြတ်နိုင်ခဲ့သည်။ မဟာကုသလရာမကျောင်းတွင် fiber wifi တပ်ဆင်ထားခြင်းမရှိသောကြောင့် ကျောင်းရှိဆရာ၊ ဆရာမများသည် မိမိ၏ လက်ကိုင်ဖုန်းဖြင့်သာ အင်တာနက်သုံးစွဲနိုင်လေရာ ကျောင်းဘက်မှလည်း ၎င်းတို့အား အင်တာနက်သုံးစွဲခများ ထောက်ပံ့ပေးခဲ့သည်။ ကျောင်းတွင် လိုအပ်သည့် ကွန်ပျူတာများ အလုံအလောက်မရှိသော်လည်း ပရိုဂျက်တာနှင့် ထောင့်ကျယ်မှန်ဘီလူးများ ဝယ်ယူအသုံးချခြင်းဖြင့် သာမဏေလေးများ ပညာသင်ကြားရာတွင် ကွန်ပျူတာစခရင်အား အားလုံးမြင်တွေ့နိုင်ရန် စီစဉ်ပေးခဲ့သည်။

ယခုအခါတွင် မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ်အား ပုံမှန်ပေးဝေနိုင်ခြင်း မရှိသောကြောင့် မီးမကြာခဏပြတ်တောက်ခြင်းသည်လည်း သာမဏေလေးများ၏ ပညာသင်ကြားရေးအား အခက်အခဲဖြစ်စေသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ကုမ္ပဏီတစ်ခုမှ ကျောင်းအား လက်ကိုင်ကွန်ပျူတာများစွာ လာရောက်လှူဒါန်းခဲ့ရာ သာမဏေလေးများ၏ ပညာသင်ကြားရေးသည် မီးပျက်ချိန်တွင်လည်း ပြတ်တောက်ခြင်းများ မရှိတော့ချေ။ ထို့အပြင် ကျောင်းဘက်မှလည်း လျှပ်စစ်ဘက်ထရီများ ဝယ်ယူထားခြင်းဖြင့် မီးပြတ်တောက်ခြင်းကြောင့် ပညာသင်ကြားမှုလုပ်ငန်းများ ပြတ်တောက်ရခြင်းအား လျော့နည်းစေခဲ့သည်။ လက်ရှိမြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် သွင်းကုန်ထုတ်ကုန်လုပ်ငန်းများခက်ခဲပြီး ကုန်ပစ္စည်းပို့ဆောင်မှုများ ယခင်ကဲ့သို့ မလွယ်ကူသော်လည်း အားလုံး၏ စိတ်ညီလက်ညီကြိုးပမ်းမှုကြောင့် အတားအစီးများစွာကို ကျော်ဖြတ်နိုင်ခဲ့သည်။ ဤကဲ့သို့သော ပညာသင်ကြားမှုဖြင့် သာမဏေလေးများ၏ အနာဂတ်အား ပြောင်းလဲပေးနိုင်ရန် အားလုံးမှလည်း မျှော်လင့်ထားခြင်းဖြစ်သည်။

 

မဟာကုသလရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ အဓိကခံယူချက်သည် ဆရာတော်ဘဒ္ဒန္တကုသလ(အရှင်စင်တောက်)၏ သြဝါဒဖြစ်သည် 

ကိုဗစ်နှင့် နိုင်ငံရေးမတည်ငြိမ်မှုများ ရှိနေသည့်မြန်မာနိုင်ငံတွင် မဟာကုသလရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းသည် ပုံမှန်လည်ပတ်နေခြင်းမှာ လူအများ၏စိတ်အား တည်ငြိမ်စေ၍ ဗုဒ္ဓဘာသာ၌ ထားရှိသော ယုံကြည်ချက်ကိုလည်း ပို၍ ခိုင်မြဲစေနိုင်ခဲ့သည်။ ယခုကဲ့သို့ခက်ခဲသည့်ကာလတွင် မဟာကုသလရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းသည် အထက်အောက်သဘောထားတူညီစွာ စိတ်ညီလက်ညီ ရှေ့သို့လျှောက်လှမ်းနိုင်ခြင်းသည် တရုတ်၊ မြန်မာသင်ကြားရေးအဖွဲ့နှစ်ခု၏ အချင်းချင်းယုံကြည်အားကိုးမှုကြောင့်ဖြစ်သည်ဟု ဟိန်မင်ဆရာလေးမှ ထပ်မံပြောကြားသွားသည်။ ဤကျောင်းတော်ကြီး စတင်တည်ထောင်ချိန်မှစ၍ ၎င်းအဖွဲ့နှစ်ခု လက်တွဲအလုပ်လုပ်ခဲ့သည်မှာ လေးငါးနှစ်ရှိပြီဖြစ်သည်။ ဆရာတော်ဘဒ္ဒန္တကုသလ(အရှင်စင်တောက်)သည် မြန်မာနိုင်ငံမှ သင်ကြားရေးအဖွဲ့သားအချို့ကိုလည်း တာဝန်ခံများအဖြစ် ရာထူးခန့်အပ်ပေးထားသည်။ ထိုကဲ့သို့သော ရာထူးခန့်အပ်ခံရသည့် သံဃာများသည် ဆရာတော်၏ ယုံကြည်အားထားမှုအား ခံစားရသည့်အလျောက် ဗုဒ္ဓဘာသာပြန့်ပွားရေးအတွက် မိမိထမ်းဆောင်ရမည့်တာဝန်အား ပို၍အလေးထားဆောင်ရွက်လာခဲ့ကြသည်။ မြန်မာနှင့် ထိုင်ဝမ်သည် မတူညီသည့် ယဉ်ကျေးမှုများရှိ၍ သင်ကြားရေးအဖွဲ့နှစ်ခုသည် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရာတွင် ညှိနှိုင်းဆွေးနွေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်နေရသော်လည်း ကျောင်းတော်ကြီး ပိုမိုတိုးတက်ကောင်းမွန်ရေးသည် နှစ်ဖွဲ့စလုံး၏ ဘုံခံယူချက်ဖြစ်သည်။

ဗောဓိသတ္တ၏လမ်းစဉ်အရ တစ်နယ်တစ်ကျေးတွင် သာသနာပြန့်ပွားရေးအတွက် ရှေ့တန်းမှ ကြိုးပမ်းဆောင်ရွက်ခြင်းသည် လွယ်ကူသည့်အလုပ်တစ်ခုမဟုတ်ကြောင်း ဟိန်မင်ဆရာလေးကဆိုသည်။ ဆရာလေးသည် ဆရာတော်ဘဒ္ဒန္တကုသလ၏ သြဝါဒအတိုင်း ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမအား အဓိကခံယူထားသည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတစ်ကျောင်း တည်ထောင်ရသည့် အခွင့်အရေး ရရှိခဲ့သောကြောင့် မိမိ၏ ထူးမြတ်သည့် ကုသိုလ်ကံအတွက် အလွန်ပင်ဝမ်းမြောက်လျက်ရှိသည်။ ဤကျောင်းတော်ကြီးတည်ထောင်ခြင်းဖြင့် ဆရာလေးတို့သည် ကမ္ဘာရပ်ဝန်းမှ ဒါယိကာ၊ ဒါယိကာမများ၏ မေတ္တာစေတနာအား မြန်မာနိုင်ငံရှိ သာမဏေလေးများထံသို့ သယ်ဆောင်လာကာ ၎င်းတို့အား ဗုဒ္ဓဘာသာ၏ မေတ္တာကရုဏာစိတ်အား ကိုယ်တိုင်ထိတွေ့ခံစားစေနိုင်ခဲ့သည်။ ဤသို့ပြုခြင်းအားဖြင့် ကျောင်းတော်ကြီး၌ ပညာဆည်းပူးခဲ့ကြသော သာမဏေလေးများသည် အနာဂတ်တွင် ထူးမြတ်သည့် ရဟန္တာများ မဖြစ်မြောက်နိုင်ခဲ့လျှင်ပင် ၎င်းတို့ခံယူခဲ့သော ဗုဒ္ဓအဆုံးအမနှင့် သင်ယူခဲ့သည့် ပညာဗဟုသုတများကြောင့် လူ့လောကအား အကျိုးပြုနိုင်မည့် လူရည်ချွန်များ ဖြစ်လာလိမ့်မည်ဟု ဆရာလေးတို့က ယုံကြည်ထားကြသည်။

ဗုဒ္ဓသာသနာပြန့်ပွားသည့်ရှုထောင့်မှဆိုရသော် ရဟန္တာများ၏ အနေအစားသည် အလွန်ဆင်းရဲပါက မိမိ၏ဝမ်းစာပြည့်ဝရေးအတွက် ရုန်းကန်နေရခြင်းဖြင့် သာသနာပြုလုပ်ငန်းများ တစိုက်မတ်မတ် အားထုတ်လုပ်ဆောင်နိုင်မည်မဟုတ်ပါချေ။ ထို့ကြောင့် မဟာကုသလဘုန်းတော်ကြီးသင်ပညာရေးကျောင်းသည် သာမဏေများအား တရားအားထုတ်ခြင်း၌သာ အာရုံစူးစိုက်စေကာ အနာဂတ်တွင် ၎င်းတို့သည် လူရည်ချွန်များ သို့မဟုတ် သာသနာ့ဝန်အား ကောင်းမွန်စွာ ထမ်းဆောင်နိုင်သည့် ရဟန္တာများ ဖြစ်မြောက်လာနိုင်ခြင်းသည် ကျွန်ုပ်တို့ ဝမ်းသာအားရ မျှော်လင့်ထားသည့် ရည်မှန်းချက်ပန်းတိုင်ဖြစ်သည်။ ဤသည်မှာလည်း သာသနာ့ဘောင်အတွင်မှ ဘုရားသားသမီးတော်များ၏ တာဝန်ဖြစ်သည်ဟု ဆရာလေးဟိန်မင်မှ ဖွင့်ဆိုခဲ့သည်။ မိမိအနေဖြင့် ကံ၏အကျိုးပေးမှုကြောင့် ယခုကဲ့သို့သော လုပ်ငန်းများ ဆောင်ရွက်နိုင်သည့်အခွင့်အရေးများ ရရှိခဲ့သည့်အတွက် မိမိတတ်စွမ်းသမျှ ကြိုးစားဆောင်ရွက်သွားခြင်းဖြင့် ဆရာတော်၏ မျှော်မှန်းချက်များအား ဤကျောင်းတော်ကြီး၌ အကောင်ထည်ဖော်ဆောင်စေလိုသည်ဟု ဆရာလေးကလည်း ဆက်လက်ပြောကြားခဲ့လေသည်။

 (Courtesy of LJM)

Chinese中文

English 英文

Back Home