ကမ္ဘာမြေကြီးအား ချစ်မြတ်နိုးပြီး ပင်လယ်သမုဒ္ဒရာကြီးအား ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့မှ ကမ္ဘာအရပ်ရပ်ရှိ လူငယ်များအားရည်စူး၍
2021-01-25
ကမ္ဘာမြေကြီးအား ချစ်မြတ်နိုးပြီး ပင်လယ်သမုဒ္ဒရာကြီးအား ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့မှ ကမ္ဘာအရပ်ရပ်ရှိ လူငယ်များအားရည်စူး၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မီဒီယာပညာ ပညာပေးအစီအစဉ်တစ်ရပ် ကြီးမှူးကျင်းပ
လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့၏ အဓိပတိ ဆရာတော် ဘဒ္ဒန္တကုသလ (အရှင်စင်တောက်)သည် “ကမ္ဘာမြေကြီးနှင့် ငြိမ်းချမ်းရေးအား ချစ်မြတ်နိုးခြင်း”ဟူသည့် အယူအဆ ပြန့်ပွားရေးအတွက် နှစ်ရှည်လကြာ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သည့်အလျောက် သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းစောင့်ရှောက်လိုသည့် အသိစိတ်များကိုလည်း လူအများ စိတ်ထဲစွဲမြဲစေရန် ကလေးသူငယ်မှ၍ ပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ပါသည်။ ၎င်းပညာပေးလုပ်ငန်းနှင့် ပတ်သက်၍ လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့မှ ဦးစီးတည်ထောင်ထားသော မြန်မာနိုင်ငံ ဘဝငြိမ်းချမ်းရေးတက္ကသိုလ်နှင့် အမေရိကန်နိုင်ငံ နယူးယောက်မြို့မှ Chan Spaceတို့သည် အတူလက်တွဲ၍ “Here On Earth:Ocean Water” အမည်ရှိသော နိုင်ငံအရပ်ရပ်ရှိ လူငယ်များအား ရည်စူးကျင်းပသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မီဒီယာပညာ ပညာပေးအစီအစဉ်ကြီးတစ်ရပ်အား အကောင်ထည်ဖော်ဆောင်ခဲ့ကြသည်။ ၎င်းပညာပေးအစီအစဉ်သို့ ထိုင်ဝမ်၊ လန်ဒန်နှင့် နယူးယောက်မှ အသက်၁၄နှစ်နှင့် ၁၉နှစ်ကြားရှိသော ဆယ်ကျော်သက်လူငယ်၅၀ဦးတို့ ပါဝင်တက်ရောက်ခဲ့ကြသည်။ ဤပညာရေးအစီအစဉ်ကြီးသည် အင်တာနက်၊ ရုပ်မြင်သံကြားနှင့် ပညာရေးစသည့် နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သည့် ပညာရှင်များနှင့် ချိတ်ဆက်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်သည့် မီဒီယာပညာများကို အထူးစူးစိုက်ကာ မီဒီယာပညာများအား တတ်ကျွမ်းပြီး ကမ္ဘာမြေကြီးအား ထိန်းသိမ်းစောင့်ရှောက်နိုင်သည့် လူငယ်များအား မွေးထုတ်ပေးနိုင်ရန် မျှော်မှန်းထားသည်။
နိုင်ငံအရပ်ရပ်ရှိ လူငယ်များအတွက် ရည်စူးကျင်းပသော ဤသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မီဒီယာပညာ ပညာပေးအစီအစဉ်ကြီး (https://hereonearth.world) သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာပေးလုပ်ငန်းအား အဓိကထား၍ မီဒီယာပညာ ပညာပေးလုပ်ငန်းအား အရံအဖြစ် ဖြည့်စွက်ပေးထားသည်။ ဘဝငြိမ်းချမ်းရေးတက္ကသိုလ်၏ တာဝန်ခံ ဆရာလေးရှန်ယွဲ့က ဆရာတော် ဘဒ္ဒန္တကုသလ (အရှင်စင်တောက်)၏ ကမ္ဘာမြေကြီးအား ချစ်မြတ်နိုးရေးလှုပ်ရှားမှုသည် အတွေးအခေါ် ပြန့်ပွားရေးနှင့် ပညာပေးလုပ်ငန်းများဆောင်ရွက်ရေးစသည့် အထွေထွေလုပ်ငန်းများပါဝင်သော လှုပ်ရှားမှုကြီးတစ်ရပ်ဖြစ်ကြောင်း ရှင်းပြလေသည်။ “ကမ္ဘာမြေကြီးကို ချစ်မြတ်နိုးတယ်ဆိုတာ တစ်လောကလုံး တန်ဖိုးထားရတဲ့ အကြောင်းအရာတစ်ခုပါ။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး လူသားတွေအားလုံးရဲ့ ခံယူချက်တွေက တူညီမှ အားလုံးအတူတကွ လက်တွဲအလုပ်လုပ်နိုင်ကြမှာ ဖြစ်ပါတယ်။ ဒီကမ္ဘာမြေကြီးကို ချစ်မြတ်နိုးရေးအတွက် တူညီတဲ့ ခံယူချက်ရရှိလာနိုင်အောင် ဆရာတော် အရှင်စင်တောက်က လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့ကို ဟိုးအရင်ကစပြီး ပလက်ဖောင်းတစ်ခု ဖန်တီးစေချင်ခဲ့ပါတယ်။ ဒီလိုနည်းနဲ့ ဆရာတော် အရှင်စင်တောက်က လူသားအားလုံးကို လုပ်ငန်းတစ်ခုတည်းကိုပဲ စိတ်ညီလက်ညီလုပ်ကိုင်စေချင်တယ်။ ဆရာတော်ရဲ့ဆန္ဒကတော့ အားလုံးကို ကမ္ဘာမြေကြီး ရေရှည်တည်တံ့ခိုင်မြဲရေးလုပ်ငန်းကို အလေးထားစေချင်တယ်။ ပြီးတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ပါဝင်ဆောင်ရွက်စေချင်တယ်။”ဟု ရှန်းယွဲ့ဆရာလေးက ဆက်လက်ရှင်းပြခဲ့သည်။
ယခုကျင်းပသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မီဒီယာပညာ ပညာပေးလုပ်ငန်းသည် လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့မှ ကြီးမှူးကျင်းပသော “ကမ္ဘာမြေကြီးနှင့် ငြိမ်းချမ်းရေးအား ချစ်မြတ်နိုးခြင်း”နှင့်ပတ်သက်သည့် လှုပ်ရှားမှုစီးရီးထဲမှ တစ်ခုပင်ဖြစ်သည်။ ၂၀၂၀ခုနှစ် မေလတွင်လည်း ၎င်းလှုပ်ရှားမှုစီးရီးအရ အမေရိကန် နယူးယောက်မြို့၌ “ ငြိမ်းချမ်းရေး၏တေးသံစဉ်---ကမ္ဘာမြေကြီးအား ကျေးဇူးတင်ခြင်း ဂီတဖျော်ဖြေပွဲ”အား အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့ပြီး ချိုမြသော ဂီတသံစဉ်များဖြင့် စိုးရိမ်ပူပန်နေသော လူ့စိတ်နှလုံးအား အေးချမ်းစေ၍ ကမ္ဘာမြေကြီးငြိမ်းချမ်းရေးအတွက် ဆုတောင်းမေတ္တာများကိုလည်း ပို့သခဲ့ပါသည်။ ယခုနှစ်၏ ဒုတိယနှစ်ဝက်ပိုင်းတွင်လည်း လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မီဒီယာပညာ ပညာပေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် စေတနာ့ဝန်ထမ်းများကိုလည်း ခေါ်ယူဦးမည်ဖြစ်သည်။ ထိုသို့ နည်းစနစ်မျိုးစုံ အသုံးပြု၍ လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့သည် “ကမ္ဘာမြေကြီးနှင့် ငြိမ်းချမ်းရေးအား ချစ်မြတ်နိုးခြင်း”နှင့် သက်ဆိုင်သည့် လုပ်ငန်းစဉ်များအား အမြဲတစေ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ဆရာလေးရှန်ယွဲ့က ဆယ်ကျော်သက်အရွယ်ဆိုသည်မှာ အတွေးအခေါ်ခံယူချက်များ စတင်ပေါက်ဖွားလာချိန်ဖြစ်သောကြောင့် လူဘဝအတွက် အလွန်အရေးကြီးသည့် ကာလဖြစ်ကြောင်းကိုလည်း ရှင်းလင်းမိန့်ကြားခဲ့သည်။ ဆယ်ကျော်သက်လူငယ်များသည် ကိုယ်ပိုင်အမြင်နှင့် ကိုယ်ပိုင်ထက်မြက်မှုများ ပိုင်ဆိုင်ထားကြပြီး လူကြီးများ မမြင်တွေ့နိုင်သော အရာများကို ရှာဖွေတွေ့မြင်တတ်ကြသည်။ ၂၀၃၀ခုနှစ်နှင့် ၂၀၅၀ခုနှစ်တို့သည် ကမ္ဘာမြေကြီးအတွက် အကျပ်အတည်းများဖြစ်ပေါ်လာနိုင်သော အရေးကြီးသည့် အချိန်ကာလများဖြစ်သကဲ့သို့ ၎င်းဆယ်ကျော်သက်လူငယ်များ ကမ္ဘာမြေပြင်ပေါ်၌ ခေါင်းဆောင်အနေထားဖြင့် ဂေဟဗေဒစနစ်ကြီး၏ အကျပ်တည်းများအား ရင်ဆိုင်ဖြေရှင်းရမည့် အချိန်ကာလလည်းဖြစ်သည်။ ထို့ကြောင့် တိုင်းပြည်၏ အနာဂတ်များဖြစ်သည့် ဤဆယ်ကျော်သက်လေးများသည် ကမ္ဘာမြေကြီး၏ ဂေဟဗေဒအကျပ်အတည်းများကို သိမြင်နိုင်သော ထက်မြက်သည့် အသိဉာဏ်နှင့် အန္တရာယ်ကို ကြိုမြင်နိုင်သည့် အမျှော်အမြင်များ ရှိနိုင်ရမည်ဖြစ်သည်။ လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မီဒီယာပညာ ပညာပေးအစီအစဉ်ကြီးသည် ဆယ်ကျော်သက်လူငယ်လေးများ၏ အာရုံငါးပါးအား လှုံ့ဆော်၍ ကမ္ဘာမြေကြီးနှင့် ချိတ်ဆက်စေကာ မိမိကိုယ်မိမိ ကမ္ဘာမြေကြီး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ခံယူစေရန် မျှော်မှန်းထားသည်။
ပညာပေးအစီအစဉ်၏ ပထမ သင်တန်းချိန်တွင် သင်တန်းသားများအား အာရုံစူးစိုက်စေကာ ငြိမ်းချမ်းရေးဇင်( peace zen)ဟူသည့် တရားရှုမှတ်နည်းဖြင့် တရားထိုင်စေခဲ့သည်။ ထိုသို့ပြုခြင်းအားဖြင့် သင်တန်းသားများအား လူ့လောကနှင့် သဘာဝပတ်ဝန်းကျင်အကြား သဟဇာတဖြစ်မှု၊ သဘာဝပတ်ဝန်းကျင်၏ တည်ငြိမ်အေးချမ်းမှုတို့ကို ခံစားစေခဲ့သည်။ ပထမသင်တန်းချိန်အပြီးတွင် သင်တန်းသားတို့၏ တုံ့ပြန်ချက်များအရ ၎င်းတို့သည် ပင်လယ်သမုဒ္ဒကြီးအား အလွန်သာယာလှပသည်ဟု မှတ်ယူထားကြောင်း သိရှိရလေရာ ၎င်းတို့အား ပင်လယ်သမုဒ္ဒရာကြီး၏ မျက်မှောက်အခြေနေအား သိရှိနိုင်ရန် ပင်လယ်ကမ်းခြေသို့ ခေါ်ဆောင်ကာ ပင်လယ်ကြီး၏ လက်ရှိအဏ္ဏဝါဂေဟဗေဒစနစ်အား ကိုယ်တိုင်ကိုယ်ကျလေ့လာစေခဲ့ပြီး ၎င်းဂေဟဗေဒစနစ်ကြီး၏ အကျပ်အတည်းများကိုလည်း ကိုယ်တိုင်တွေ့မြင်ခံစားစေခဲ့သည်။ ထို့နောက် သင်တန်းသားတို့အား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သက်ဆိုင်သည့်ဗွီဒီယိုများ ရိုက်ကူးစေပြီး ပင်လယ်သမုဒ္ဒရာထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အားထုတ်စေခဲ့သည်။ သင်တန်းသားတို့အား ဤသို့ပြုစေခြင်းသည် ၎င်းတို့အား သိပ္ပံနည်းပညာဖြင့် ကမ္ဘာမြေကြီးအား လက်တွေ့ကျသည့် နည်းလမ်းဖြင့် တစ်ဖက်တစ်လမ်းမှ ကုစားပေးစေခြင်းပင်ဖြစ်သည်။
သဘာဝပတ်ဝန်းကျင်နှင့် လူသားတို့၏ အနာဂတ်သည် ယနေ့ဆယ်ကျော်သက်လူငယ်များ၌ နောင်လာမည့် ဂေဟဗေဒအကျပ်အတည်းများ ဖြေရှင်းနိုင်ရန် လိုအပ်သည့် အသိဉာဏ်ပညာများ လုံလောက်မှုရှိမရှိပေါ်၌ မှုတည်သည်။ ထို့အပြင် ဆရာတော် ဘဒ္ဒန္တကုသလ (အရှင်စင်တောက်)အားပေးသည့် ဝိညာဏဂေဟဗေဒဆိုသည်မှာ လူသားများကိုသာ အရေးပေးခြင်းမဟုတ်ပဲ သတ္တဝါအားလုံးကို အရေးပေးခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လူသားများသည် မိမိကိုသာ ဗဟိုပြုနေပါက ကမ္ဘာမြေကြီး၏ သယံဇာတများကို အကန့်သတ်မရှိ အသုံးပြုလိမ့်မည်ဖြစ်သည်။ လူသားတို့သည် ဝိညာဏဂေဟဗေဒရှုထောင့်မှ သတ္တဝါအပေါင်းတို့အား ကြည့်မြင်နိုင်ခဲ့သော် ကမ္ဘာမြေကြီးထံမှ သယံဇာတများအား အသုံးပြုသည့် အသိဉာဏ်နှင့် နည်းစနစ်တို့သည်လည်း ပြောင်းလဲသွားမည်ဖြစ်သည်။ ဤသည်မှာ သတ္တဝါအပေါင်းတို့ အချင်းချင်း အပြန်အလှန်မှီကိုး၍ ယှဉ်တွဲနေထိုင်သည့် အယူအဆပင်ဖြစ်သည်။
လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့၏ နယူးယောက်မြို့ Chan Space မှ ဆရာလေးကွန်ကော်က ယခုကဲ့သို့သော ပညာပေးအစီအစဉ်သည် နိုင်ငံအရပ်ရပ်မှ ယဉ်ကျေးမှုခြားနားသည့် ဆယ်ကျော်သက်လူငယ်များအား အတွေးအခေါ် ဆွေးနွေးဖလှယ်စေပြီး ပို့ချပေးသော သင်တန်းအသီးသီးတို့သည်လည်း ၎င်းတို့၏ နှလုံးသားတွင်း၌ ကမ္ဘာမြေကြီးအား ချစ်မြတ်နိုးသည့်စိတ်ဓာတ်များ မျိုးချပေးထားနိုင်ခဲ့သည်ဟု ထင်မြင်ကြောင်း မိန့်ကြားခဲ့သည်။ ဤပညာပေးအစီအစဉ်တွင် နိုင်ငံအသီးသီးမှ ဆရာ၊ ဆရာမများနှင့် သင်တန်းသားတို့သည် အချိန်ဇုန်မတူညီကြသောကြောင့် ညလည်ခေါင်အချိန်၌ အွန်လိုင်းမှတစ်ဆင့် အစည်းဝေးများ တက်ရောက်ခဲ့ကြရသော်လည်း ၎င်းတို့၏ စိတ်အားထက်သန်မှုသည် ဆရာလေးကွန်ကော်အား ပီတိဖြစ်စေခဲ့သည်။ ဤပညာပေးအစီအစဉ်သည် မတူညီသည့် နယ်ပယ်များအား ချိတ်ဆက်၍ ကမ္ဘာမြေကြီးအား ထိန်းသိမ်းစောင့်ရှောက်သည့် နည်းစနစ်တစ်ခုကိုလည်း တည်ထောင်နိုင်ခဲ့သည်။ နောင်အခါတွင် ဤနည်းစနစ်ကို အခြေခံ၍ ကမ္ဘာမြေကြီးအား ချစ်မြတ်နိုးသည့် အယူအဆအား ကမ္ဘာတစ်ဝှမ်း၌ ပြန့်ပွားစေနိုင်လိမ့်မည်ဟု ဆရာလေးကွန်ကော်မှလည်း မျှော်မှန်းထားသည်။
ဆရာလေးကွန်ကော်က နှစ်နှစ်ဆက်တိုက်ကျင်းပခဲ့သော ဘဝငြိမ်းချမ်းရေးတက္ကသိုလ်၏ ဆောင်းရာသီသင်တန်းသည် ကမ္ဘာအရပ်ရပ်ရှိ ပညာရှင်နှင့် သုတေသီများအား စုဝေး၍ ကမ္ဘာမြေကြီးအား ချစ်မြတ်နိုးရေးနှင့် သက်ဆိုင်သည့် အကြောင်းအရာများ ဆွေးနွေးခဲ့ကြရာ ၎င်းဆောင်းရာသီသင်တန်းမှ သင်တန်းများသည်လည်း ယခုကျင်းပသည့် ပညာပေးအစီအစဉ်တွင် ဆယ်ကျော်သက်လူငယ်များအား ၎င်းတို့ဆွေးနွေးတင်ဆက်နိုင်မည့် ဂေဟဗေဒဆိုင်ရာအကြောင်းအရာများ ရှာဖွေရေးအတွက် အကူအညီများပေးခဲ့ကြသကဲ့သို့ လိုအပ်သည့် သီအိုရီနှင့် လုပ်ငန်းအတွေ့အကြုံများကိုလည်း မျှဝေခဲ့ကြကြောင်း ထည့်သွင်းမိန့်ကြားခဲ့သည်။။ လာမည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလတွင် ဘဝငြိမ်းချမ်းရေးတက္ကသိုလ်၏ ပထမကြိမ်မြှောက် ဆောင်းရာသီသင်တန်းမှ သင်တန်းသားဖြစ်သူ၊ နယ်သာလန်မှ ရေသယံဇာတသုတေသနပညာရှင် Lieke Friederichsအား ယခုပညာပေးသင်တန်းတွင် ဆယ်ကျော်သက်လူငယ်များအား ကမ္ဘာ့ရေသယံဇာတထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများ မျှဝေရန် ဖိတ်ခေါ်ထားကြောင်းကိုလည်း မိန့်ဆိုခဲ့ပါသည်။။
နယူးယောက်မြို့သို့ ရွှေ့ပြောင်းနေထိုင်လာသည်မှာ နှစ်အတန်ကြာရှိပြီဖြစ်သော ဒါယိကာမ လူကြိလန်ကလည်း ၂၀၂၀ခုနှစ် မေလ ကမ္ဘာ့မိခင်များနေ့တွင် Chan Spaceအား “ ငြိမ်းချမ်းရေး၏တေးသံစဉ်---ကမ္ဘာမြေကြီးအား ကျေးဇူးတင်ခြင်း ဂီတဖျော်ဖြေပွဲ”အတွက် အကူအညီများ ပေးခဲ့သကဲ့သို့ ယခုပညာပေးအစီအစဉ်တွင်လည်း ဆရာတော် ဘဒ္ဒန္တကုသလ (အရှင်စင်တောက်)ဆုံးမသည့် ဂေဟဗေဒစနစ် ရေရှည်ရှင်သန်စေရေး အယူအဆအား ခံယူကာ အပြည်ပြည်ဆိုင်ရာလုပ်ငန်းလုပ်ဆောင်ရေးအဖွဲ့ဖွဲ့၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ပညာပေးအစီအစဉ်ဖြစ်မြောက်ရေးအတွက် ဘဝငြိမ်းချမ်းရေးတက္ကသိုလ်နှင့် Chan Spaceမှ ဝန်ထမ်းအသီးသီးတို့သည်လည်း ၎င်းတို့၏ အချိတ်ဆက်များဖြင့် သင်တန်းသားများအား အဘက်ဘက်မှ ကူညီပေးကြသည်။
ဤသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မီဒီယာပညာ ပညာပေးအစီအစဉ်ကြီးသည် ၂၀၂၀ခုနှစ် နိုဝင်ဘာလမှ ၂၀၂၁ခုနှစ် ဧပြီလအထိ အချိန်ခြောက်လကြာမြင့်မည်ဖြစ်ပြီး ပင်လယ်သမုဒ္ဒရာထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပတ်သက်သည့် ဗွီဒီယိုများ ရိုက်ကူး၍ ၎င်းဗွီဒီယိုများ ထုတ်လွင့်ပြသရန် ပြပွဲများကိုလည်း ကျင်းပသွားမည်ဖြစ်သည်။ ထို့အပြင် ဤပညာပေးအစီအစဉ်အား ကျွမ်းကျင်သော မီဒီယာပညာရေးအဖွဲ့အစည်းဖြစ်သည့် Magic Box Productions၊ လူမှုရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်တတ်သည့် Fubon Cultural & Educational Foundation လက်အောက်ရှိ youngvoice.tw ဝဘ်ဆိုဒ်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မီဒီယာအားအားပေးသည့် အမေရိကန် အိုဟိုင်းယိုးပြည်နယ်တက္ကသိုလ်၏ Wick Poetry Center စသည်တို့နှင့်
ချိတ်ဆက်၍ ဆယ်ကျော်သက်လူငယ်များအား မီဒီယာမှတစ်ဆင့် မိမိတို့၏ အတွေးအမြင်များ ထုတ်ဖော်ပြသနိုင်ရန် ပံ့ပိုးပေးသွားမည်လည်းဖြစ်သည်။
လက်ရှိအချိန်တွင် ကမ္ဘာမြေကြီးသည် ကြီးမားသည့် ဂေဟဗေဒအကျပ်အတည်းများ ရင်ဆိုင်နေလျက်ရှိသည်။ ပင်လယ်သမုဒ္ဒရာများသည် ကမ္ဘာမြေကြီး၏ ကြီးမားသော ဧရိယာများအား ဖုံးလွှမ်းထားလျက်ရှိရာ ကမ္ဘာမြေကြီး၏ ဂေဟဗေဒစနစ်အတွက် အလွန်ပင် အရေးပါလှသည်။ လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့သည် ကမ္ဘာမြေကြီးအား ချစ်မြတ်နိုးသည့်အလျောက် ပင်လယ်သမုဒ္ဒရာကိုလည်း အမြဲတစေ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။ ထိုင်ဝမ်၏ ပင်လယ်ကမ်းခြေများတွင် အမှိုက်သန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ခြင်း၊ မြန်မာနိုင်ငံ လားရှိုးမြို့နယ်ရှိ နောင်မွန်အော်ဂဲနစ်စိုက်ပျိုးရေးခြံကြီးတွင် ဂေဟဗေဒစနစ်အား မထိခိုက်သည့် စိုက်ပျိုးရေးနည်းစနစ်များ အသုံးပြု၍ သီးနှံများစိုက်ပျိုးခြင်း၊ ဆယ်ကျော်သက်လူငယ်များအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာပေးအစီအစဉ်များ ကြီးမှူးကျင်းပခြင်းနှင့် ဝိညာဏဂေဟဗေဒ အတွေးအခေါ်များ ကမ္ဘာအရပ်ရပ်၌ ပြန့်ပွားနိုင်ရန် ဘဝငြိမ်းချမ်းရေးတက္ကသိုလ်အား တည်ထောင်ခြင်း စသည့်လုပ်ငန်းများဖြင့် လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့သည် ကမ္ဘာမြေကြီးအား ချစ်မြတ်နိုးသည့် လုပ်ရပ်များအား တဖြည်းဖြည်း အကောင်ထည် ဖော်ဆောင်လျက်ရှိသည်။ ဆရာတော် ဘဒ္ဒန္တကုသလ (အရှင်စင်တောက်) က ဂေဟဗေဒစနစ်အတွင်းရှိ အရာအားလုံးသည် အချင်းချင်း အပြန်အလှန် သက်ရောက်မှုများရှိသည်ဟု ယုံကြည်ထားသည်။ ထို့ကြောင့် ဆရာတော်က ကျွန်ုပ်တို့သည် ဤလုပ်ငန်းများအား မေတ္တာစေတနာဖြင့် လုပ်ဆောင်နိုင်ပါက ကောင်းသည့်ရလာဒ်များ ရရှိလာပြီး ပတ်ဝန်းကျင်ကို ပြောင်းလဲနိုင်လိမ့်မည်ဟုလည်း ယုံကြည်ထားလေသည်။ ဤကဲ့သို့ မေတ္တာစေတနာဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ကြိုးပမ်းခြင်းသည် ဆရာတော်၏ မူလရည်ရွယ်ချက်ဖြစ်သကဲ့သို့ ၎င်း၏ “ကမ္ဘာမြေကြီးနှင့် ငြိမ်းချမ်းရေးအား ချစ်မြတ်နိုးခြင်း”အယူအဆအတွက် စဉ်ဆက်မပြတ် ခံယူထားသော ခံယူချက်လည်း ဖြစ်ပါလေတော့သည်။
► English
► 中文 Chinese