သီတဂူဆရာတော်က ဘဝငြိမ်းချမ်းရေး တက္ကသိုလ်ကြီးအား အားပေးထောက်ခံ
2020-08-24
၂၀၂၀ခုနှစ် ဇန်နဝါရီလ ၈ရက်နေ့တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ဘဝငြိမ်းချမ်းရေး တက္ကသိုလ်၏ စမ်းသပ်ပညာရေး ဆောင်းရာသီသင်တန်း အပတ်စဉ်-၂အား စတင်ကျင်းပခဲ့ရာ ကမ္ဘာတစ်ဝန်းမှ ကျော်ကြားသော ပညာရှင်များသည် ကမ္ဘာမြေကြီးအား ချစ်မြတ်နိုးသည့်စိတ်ဖြင့် မိမိ၏သုတေသနလေ့လာချက်နှင့် အတွေ့ကြုံများအား သင်တန်းသို့ လာရောက်မျှဝေပေးခဲ့ကြသည်။ သင်တန်းဖွင့်ပွဲသို့ အနယ်နယ်အရပ်ရပ်မှ ဧည့်သည်တော်များ ကြွရောက်ခဲ့ကြသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရနှင့်တကွ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၏ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရ၊ ရန်ကုန်တိုင်း သာသနာရေးဦးစီးဌာန တိုင်းသာသနာရေးမှူး ဦးစိန်မော်နှင့် ထိုင်ပေမြန်မာကုန်သွယ်ရေးရုံး ကိုယ်စားလှယ် ဒေါက်တာမျိုးသက်တို့သည်လည်း ကြွရောက်ချီးမြှင့်ခဲ့ကြသည်။ သီတဂူဆရာတော်ကြီးသည် သင်တန်းဖွင့်ပွဲအား ကြွရောက်ခဲ့သည့်အပြင် လားရှိုးမြို့နယ် နောင်မွန်ကျေးရွာရှိ မဟာကုသလရာမကျောင်းအတွင်း၌ တည်ထားကိုးကွယ်ရန် စေတီတစ်စူကိုလည်း လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့ထံသို့ လှူဒါန်းပေးအပ်ခဲ့သည်။
ဖွင့်ပွဲအစတွင်ဆရာတော် ဘဒ္ဒန္တကုသလ (အရှင်စင်တောက်)ဦးဆောင်၍ ဖွင့်ပွဲသို့ကြွရောက်ခဲ့သော ရဟန်းရှင်လူအပေါင်းတို့သည် ၂၀၁၉ခုနှစ်ကတည်းမှ စတင်လောင်ကျွမ်းခဲ့ပြီး ၂၀၂၀ခုနှစ် ဇန်နဝါရီလအထိ မငြိမ်းသက်နိုင်သေးသော သြစတေးလျနိုင်ငံ၏ တောမီးလောင်ကျွမ်းမှုကြီးအတွက်လည်း ဆုတောင်းမေတ္တာများ အတူပို့သခဲ့ကြသည်။
ဘဝငြိမ်းချမ်းရေး တက္ကသိုလ်၏ စမ်းသပ်ပညာရေး ဆောင်းရာသီသင်တန်း အပတ်စဉ်-၂တွင် အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ မြန်မာ၊ မလေးရှားစသည့် နိုင်ငံပေါင်း (၈) နိုင်ငံမှ ပါမောက္ခများနှင့် ယေးလ်တက္ကသိုလ်၊ ကင်းဘရစ်တက္ကသိုလ်၊ ပေကျင်းတက္ကသိုလ်စသည့် တက္ကသိုလ်၁၁ခုမှ ကျောင်းသားတို့သည် သင်တန်းကာလနှစ်ပတ်အတွင်းတွင် သိပ္ပံနည်းပညာဖြင့် ဂေဟဗေဒစနစ်အား ပြောင်းလဲနိုင်သည့် နည်းလမ်းကောင်းများ ဆွေးနွေးတိုင်ပင်ကြမည်ဖြစ်သည်။ ဖွင့်ပွဲတွင် ဧည့်သည်တော်များအား မြန်မာ့ရိုးရာတေးဂီတများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး တေးသံရှင်များက ရိုးရာစောင်းသံနောက်ခံဖြင့် အောင်မင်္ဂလာတေးသီချင်းများကိုလည်း သီဆိုဖျော်ဖြေခဲ့ကြသည်။
သီတဂူဆရာတော်သည် ဤဖွင့်ပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခြင်းခံရသည့်အတွက် များစွာဝမ်းမြောက်ကြောင်း၊ ဤဆောင်းရာသီသင်တန်း၏ခေါင်းစဉ်ဖြစ်သော ကမ္ဘာမြေကြီးအားကုစားခြင်းသည် များစွာမှန်ကန်ကြောင်း မိန့်ကြားခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း၂၅၀၀ကတည်းက ဗုဒ္ဓမြတ်စွာဘုရားရှင်သည် လူသားတို့၏ စိတ်နှလုံးသားနှင့် ကမ္ဘာမြေကြီးအား ကုစားစေလို့ငှာ ဆေးနည်းတစ်ဖုံဖော်စပ်ခဲ့ဖူးသည်ဟု ဆရာတော်က မိန့်သည်။ ထိုဆေးနည်းသည် အခြားမဟုတ်၊ ဗုဒ္ဓတရားတော်များပင်ဖြစ်၍ ဗုဒ္ဓဘာသာသည် အိန္ဒိယနိုင်ငံမှစ၍ နိုင်ငံရပ်ခြားများသို့ သာသနာပြန့်ပွားလာခဲ့သည်။ ကမ္ဘာ့ လူသားတို့သည် ဗုဒ္ဓ၏ တရားတော်များကို နာယူမှတ်သားသင့်ပေသည်။ ဗုဒ္ဓတရားတော်၏ သမာဓိဟူသည့် လူ့၏စိတ်အာရုံအား အမျိုးမျိုးသို့ ပြန့်လွင့်မသွားစေပဲ တစ်အာရုံတည်းမှာသာ ကောင်းစွာထားနိုင်သည့် စိတ်တည်ကြည်ခြင်းသည် တရားထိုင်၍ ကျင့်ကြံနိုင်သည်။ သီလဟူသည့် ကိုယ်၊ နှုတ်၊ စိတ် အပြုအမူ ကျင့်ဝတ်အား စောင့်ထိန်းဆောက်တည်ခြင်းကိုမှု စိတ်မှ လောဘ၊ဒေါသ၊ မောဟတို့အား ဖယ်ရှား၍ ဆောက်တည်နိုင်သည်။ အကောင်းအဆိုး၊ အကြောင်းအကျိုး၊ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်သည့် ပညာကမှု လူသားတို့အား မိမိတို့၏ စိတ်နေစိတ်ထားတို့ကို ကောင်းစွာနားလည်သိရှိစေနိုင်ပြီး အကုသိုလ်ဖြစ်စေတတ်သော အတွေးများ ရှောင်ရှားစေကာ စိတ်ဆင်းရဲခြင်းမှ လွှတ်ကင်းစေသည်။ ဘဝငြိမ်းချမ်းရေးတက္ကသိုလ်ကြီးသည် သမာဓိ၊ သီလ၊ ပညာဉာဏ်တို့ဖြင့် လူသားတို့အား စိတ်တည်ငြိမ်ခြင်း၊ စိတ်ချမ်းသာခြင်းများ ရရှိစေရန် ကြိုးပမ်းနေသောကြောင့် မိမိသည် ဤတက္ကသိုလ်၏တည်ထောင်သူ ဆရာတော် ဘဒ္ဒန္တကုသလ (အရှင်စင်တောက်)၏ လုပ်ဆောင်ချက်များအတွက် များစွာပီတိဖြစ်ကြောင်း သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရမှ မိန့်ဆိုခဲ့သည်။ ဆရာတော် အရှင်စင်တောက်၏ လုပ်ဆောင်ချက်နှင့် ဦးတည်ချက်များသည် မိမိနှင့်တူညီသောကြောင့် မိမိတို့သည် သစ်တစ်ပင်တည်းမှ ပေါက်ဖွားလာသော ပင်တူသစ်ကိုင်းနှစ်ကိုင်းကဲ့သို့ ရှိနေလေရာ အချင်းချင်း လက်တွဲ၍ ကမ္ဘာမြေကြီး၏ ရောဂါအပေါင်းနှင့် ပြဿနာအပေါင်းတို့ကို အတူဖြေရှင်းပေးသင့်သည်ဟုလည်း သီတဂူဆရာတော်ကြီးက မိန့်ကြားခဲ့လေသည်။
သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရသည် လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့၏ အဓိပတိ ဆရာတော် ဘဒ္ဒန္တကုသလ(အရှင်စင်တောက်)နှင့် အလွန်ရင်းနှီးလေရာ ၂၀၁၈ခုနှစ်နိုဝင်ဘာလတွင် သာသနာရေးခရီးစဉ်ဖြင့် ထိုင်ဝမ်နိုင်ငံသို့ ကြွရောက်၍ လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့နှင့် ကမ္ဘာ့ဘာသာရေးပြတိုက်တို့အား လေ့လာလည်ပတ် ခဲ့သည်။ ထိုခရီးစဉ်တွင် သီတဂူဆရာတော်သည် လက်ရာပြောင်မြောက်သော ဘာသာရေးအဆောက်အဦး ပုံစံငယ်တို့အား တွေ့ရှိခဲ့ရာ အလွန်သဘောကျခဲ့သည်။ သီတဂူဆရာတော်ကြီးသည် ဆရာတော် အရှင်စင်တောက် မြန်မာပြည်သို့ ပြန်ရောက်၍ လားရှိုးမြို့နယ် နောင်မွန်ကျေးရွာ၌ မဟာကုသလရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် အော်ဂဲနစ်စိုက်ပျိုးရေးခြံကြီးအား တည်ထောင်ပြီး ပညာရေးနှင့် ဂေဟစနစ်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း ကြားသိရသောအခါ သဒ္ဓါတရားများ ပွားများလာကာ မဟာကုသလရာမကျောင်းတွင် ကိုးကွယ်ရန် လိုအပ်နေသော စေတီတစ်စူအား လှူဒါန်းမည်ဟု မိန်းကြားခဲ့၍ ၎င်းစေတီ၏ လှူဒါန်းပေးအပ်ပွဲအခမ်းအနားကို ဘဝငြိမ်းချမ်းရေးတက္ကသိုလ်၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ဆောင်းရာသီသင်တန်း အပတ်စဉ်-၂ ၏ ဖွင့်ပွဲရက်တွင်ပင် ကျင်းပခဲ့ကြသည်။
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၏ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရက ပညာဟူသည် လူသားတို့အတွက် ရတနာတစ်ပါးဖြစ်ကြောင်း မိန့်ဆိုခဲ့သည်။ ယခုဆောင်းရာသီသင်တန်းတွင် အနယ်နယ်အရပ်ရပ်မှ ကျော်ကြားသော ပညာရှင်များသည် မိမိတို့၏ပညာများအား လာရောက်မျှဝေခြင်းမှာ ၎င်းတို့၏ ရတနာများ လာရောက်မျှဝေသကဲ့သို့ပင် တန်ဖိုးကြီးလှပေသည်။ ထို့ကြောင့် သင်တန်းသူသင်တန်းသားများသည် သင်ကြားမှုအားလုံးကို အားကြိုးမာန်တက် သင်ယူကြ၍ နောင်အနာဂတ်တွင် မြန်မာအတွက်၊ ကမ္ဘာအတွက် တန်ဖိုးကြီးမြတ်သော ပညာရတနာများ ဖြစ်လာနိုင်အောင် ကြိုးစားသင့်ကြောင်းကိုလည်း ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တကုမာရမှ မိန့်ကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲတွင် နှိုးကြားရေးလုပ်ငန်းစဉ် ဟူသည့် ဗွီတီယိုကိုလည်း ပြသခဲ့သေးသည်။ ၎င်းဗွီတီယိုတွင် ကမ္ဘာမြေကြီးသည် ယခုအချိန်တွင် ယိုယွမ်းပျက်စီးနေပြီး လူသားများ နိုးကြားနိုင်မှသာလျှင် ကမ္ဘာမြေကြီး၏ ဂေဟဗေဒဆိုင်ရာ အကျပ်အတည်းများကို ကုစားပြောင်းလဲနိုင်မည်ဖြစ်ကြောင်းကိုလည်း ဖော်ပြပေးထားသည်။ ဆရာတော် ဘဒ္ဒန္တကုသလ(အရှင်စင်တောက်)သည် ၂၀၁၉ခုနှစ်မှစ၍ ၂၀၂၀ခုနှစ် နှစ်ဆန်းပိုင်းထိ မငြိမ်းသက်နိုင်သေးသော သြစတေးလျနိုင်ငံ၏ တောမီးကြီးသည် ဒိန်းမတ်နိုင်ငံ၏ တစ်နိုင်ငံလုံးဧရိယာကဲ့သို့ ကျယ်ဝန်းပြီး ဟောင်ကောင်ပြည်နယ်ဧရိယာ၏ ၄၅ဆလောက်ရှိသော သစ်တောများအား လောင်ကျွမ်းပြီးပြီဖြစ်ကြောင်း စိတ်မကောင်းစွာ မိန့်ကြားခဲ့သည်။ သြစတေးလျနိုင်ငံ၏ ဤတောမီးကြီးသည် ၂၀၁၉ခုနှစ်တွင် အမေဇုန်သစ်တော၌ လောင်ကျွမ်းခဲ့သည့် တောမီးကြီးထက် ၄ဆ ၅ဆလောက်ပင် ကြီးမားခဲ့သည်။ ဤသို့ တောမီးလောင်ကျွမ်းမှုများ မကြာခဏဖြစ်ပွားနေသည့် ကမ္ဘာမြေကြီးအတွက် ကျွန်ုပ်တို့ ဘာလုပ်နိုင်ဦးမည်နည်းဟု ဆရာတော်အရှင်စင်တောက်က ဖွင့်ပွဲတက်ရောက်သူအားလုံးကို စဉ်းစားစေသည်။ ဘာသာပေါင်းစုံလက်တွဲ၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ အတူလုပ်ဆောင်ပြီး ကမ္ဘာမြေကြီးချစ်မြတ်နိုးရေးလုပ်ငန်းအား အပြည်ပြည်ဆိုင်ရာ လှုပ်ရှားမှုတစ်ခုအဖြစ် လုပ်ဆောင်ရမည် ဖြစ်ပါသည်။ ထိုသို့လုပ်ဆောင်နိုင်မှသာလျှင် ကျွန်ုပ်တို့သည် ဂေဟဗေဒစနစ်ကြီးအား အထောက်အကူပြုနိုင်မည်ဖြစ်၍ ဤလုပ်ငန်းများသည် ကျွန်ုပ်တို့၏ မထမ်းမဖြစ်သော တာဝန်တစ်ရပ်လည်းဖြစ်သည်ဟု ဆရာတော် ဘဒ္ဒန္တကုသလ(အရှင်စင်တောက်)မှ ဆက်လက်မိန့်ဆိုခဲ့ပါသည်။
ဆရာတော် ဘဒ္ဒန္တကုသလ (အရှင်စင်တောက်)သည် ဘဝငြိမ်းချမ်းရေးတက္ကသိုလ်ကြီး တည်ထောင်နိုင်ရေးအတွက် အဘက်ဘက်မှ ကူညီပံ့ပိုးပေးကြသော ကမ္ဘာတစ်ဝန်းမှ စေတနာရှင်အားလုံးကို ကျေးဇူးတင်ကြောင်းလည်း မိန့်ဆိုခဲ့သေးသည်။ ယခုနှစ် ဆောင်းရာသီသင်တန်း၏ ခေါင်းစဉ်မှာ “ကမ္ဘာမြေကြီးအားကုသပေးခြင်း--- ဂေဟဗေဒနှင့် သိပ္ပံနည်းပညာတို့၏ ပြောင်းလဲလှုပ်ရှားမှု”ဖြစ်ပြီး သိပ္ပံပညာဖြင့် ကမ္ဘာမြေကြီးအတွက် အကျိုးရှိသော လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်မှန်း၍ ဤခေါင်းစဉ်ပေးထားခြင်းဖြစ်ကြောင်းကိုလည်း ဆရာတော်က ရှင်းပြခဲ့သည်။ ဤခေါင်းစဉ်နှင့် စပ်လျဉ်း၍ စီစဉ်ပေးထားသော သင်ရိုးညွှန်းတန်းများနှင့် ဟောပြောဆွေးနွေးပွဲများဖြင့် ဆရာတော် အရှင်စင်တောက်သည် သင်တန်းသို့ တက်ရောက်လာသော ဆရာဆရာမများနှင့် သင်တန်းသူသင်တန်းသားတို့အား လူသားတို့၏ လူနေမှုဘဝကို အဘက်ဘက်မှ ပြန်လည်သုံးသပ်ပြီး ဂေဟဗေဒစနစ်ကြီးအား ထိန်းသိမ်းနိုင်မည့် ပြင်ဆင်မှုများ ရှာဖွေတွေ့ရှိနိုင်၍ လက်တွေ့ကျကျ ပြောင်းလဲပြုပြင်နိုင်မည့် နည်းလမ်းများ စတင်ရှာဖွေတွေ့ရှိနိုင်မည်ဟု မျှော်မှန်းထားပါသည်။
ဘဝငြိမ်းချမ်းရေးတက္ကသိုလ်၏ နိုင်ငံတကာအကြံပေးအဖွဲ့တာဝန်ခံ ပါမောက္ခ Michael von Bruckသည် လက်ရှိ နိုင်ငံများစွာမှ လူငယ်လူရွယ်များ တက်ကြွစွာ ပါဝင်လှုပ်ရှားနေကြသည့် ဆွီဒင်ဆယ်ကျော်သက် ဂရတ်တာ သန်းဘတ်(Greta Thunberg)မှ စတင်ခဲ့သော Fridays for Future သောကြာနေ့ သပိတ်ပွဲအကြောင်း ပြောကြားခဲ့သည်။ Fridays for Future သာကြာနေ့ သပိတ်ပွဲလှုပ်ရှားမှုသည် သိပ္ပံပညာရှင်များစွာ၏ အားပေးထောက်ခံမှုများရရှိ၍ လူငယ်များအားစိတ်အားထက်သန်စွာပါဝင်ခဲ့ကြပြီး ၎င်းလှုပ်ရှားမှုသည် ကျွန်ုပ်တို့ လက်ရှိကမ္ဘာမြေပေါ်တွင် လုပ်ဆောင်နေသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ အလုံအလောက်မရှိသေးကြောင်းကိုလည်း မီးမောင်းထိုးပြနေခြင်းဖြစ်သည်။ ထို့အတွက် ကျွန်ုပ်တို့သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် နည်းလမ်းကောင်းများကို ဆက်လက်ရှာဖွေရဦးမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် လက်တွေ့ကျင့်သုံးနိုင်သည့် နည်းလမ်းကောင်းများကို ရှာဖွေရမည်။ ဤသင်တန်းတွင် စီမံထားသော သင်ကြားမှုများ၊ လက်တွေ့လုပ်ဆောင်မှုများ၊ တရားထိုင်ခြင်းနှင့် လေဝင်လေထွက်ရှုမှတ်ခြင်း လေ့ကျင့်မှုများမှာ ဤကိစ္စရပ်များအတွက် များစွာအထောက်ကူပြုနိုင်သည်။ ကျွန်ုပ်တို့သည် မိမိတို့အတွက်သာမဟုတ်ပဲ လူသားအားလုံး၏ အနာဂတ်အတွက် ကြိုးစားရမည်ဖြစ်သည်။
ဖွင့်ပွဲ၏ နောက်ဆုံးတွင် ဆရာတော် ဘဒ္ဒန္တကုသလ (အရှင်စင်တောက်)က ဘဝငြိမ်းချမ်းရေးတက္ကသိုလ်၏ ဆောင်းရာသီသင်တန်းသည် တက္ကသိုလ်ပညာရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ရှင်းလင်းဖော်ပြခဲ့သည်။ ထို့ကြောင့် သင်တန်းသည် သေးငယ်သော်လည်း နောက်နောင်အတွက် အလွန်တန်ဖိုးကြီးမားသည်ဖြစ်၍ မည်သူကိုမဆို အချိန်၊ နေရာမရွေး မည်သည့်နည်းနှင့်ဖြစ်ဖြစ် ကမ္ဘာမြေကြီးအားချစ်မြတ်နိုးသည့် ကမ္ဘာမြေကြီးကုသရေးလှုပ်ရှားမှုကြီးထဲသို့ ဝင်ရောက်ပါဝင်စေချင်သည်။ ဆရာတော်၏ အဓိကမျှော်မှန်းချက်သည် ပညာရေးဖြင့် လူသားတို့အား အသိဉာဏ်ပညာဖွံ့ဖြိုး၍ ဂရုဏာစိတ်များ ပွားများစေပြီး ကမ္ဘာမြေကြီးအား ပျက်စီးယိုယွမ်းခြင်းမှ ကင်းလွှတ်စေခြင်းပင် ဖြစ်ပါလေတော့သည်။
► English(ver.)
► Chinese 中文
