ရှမ်းပြည်ရှိ သာမဏေများအား ဘဝသစ် ထူထောင်ပေးခြင်းဖြင့် ဇာတိမြေကို ကျေးဇူးဆပ်သော ဆရာတော် ဘဒ္ဒန္တကုသလ
2020-07-23
မိမိ၏ဇာတိချက်ကြွေမွေးရပ်မြေဖြစ်သော မြန်မာနိုင်ငံ၌ ပညာရေးလုပ်ငန်းများ လုပ်ဆောင်၍ မျိုးဆက်သစ်များ မွေးဖွားပေးခြင်းသည် လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့ အဓိပတိ ဆရာတော် ဘဒ္ဒန္တကုသလ (အရှင်စင်တောက်) ၏ ၁၀နှစ်တာစီမံကိန်းကြီးတစ်ရပ် ဖြစ်ပါသည်။ "ပညာရေးလုပ်ငန်းများ ဖော်ဆောင်ရာတွင် ငွေကုန်ကြေးကျများပြားသောကြောင့် အားလုံးကတော့ ဘုန်းကြီး ဘယ်လိုလုပ်မလဲ ဆိုတာ စောင့်ကြည့်နေကြတာပေါ့"ဟု ဆရာတော်က မိန့်ကြားသည်။ မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုများ ကြောင့် နိုင်ငံအတွင်း၌ မိဘမဲ့ကလေးများလည်း အလွန်များပြားလေသည်။ ထိုမိဘမဲ့ကလေးများအား ပြုစုပျိုးထောင်လိုသော ဆန္ဒာဖြင့် လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့သည် ၂၀၁၆နှစ်မှစ၍ ရှမ်းပြည်နယ် လားရှိုးမြို့ နောင်မွန်ကျေးရွာတွင် မဟာကုသလရာမ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအား တည်ထောင်ခဲ့လေရာ ယခုအချိန်တွင် ကျောင်းသားပေါင်း လေးငါးရာခန့် ရှိပြီဖြစ်ပါသည်။ ဤကျောင်းသားများကို စိတ်ထား စင်ကြယ်၍ ဗုဒ္ဓ၏ အဆုံးအမ တရားတော် ဒေသနာတော်များ ပြန့်ပွားစေနိုင်ရန်အတွက် ဗုဒ္ဓမျိုးစေ့များအဖြစ် ပြုစုပျိုးထောင်ပေးနိုင်ရန် မျှော်လင့်ထားပါသည်။ ဤကျောင်းရှိ ကျောင်းသားများကိုလည်း ငယ်စဉ်ကတည်းက ကိုယ်ကျင့်တရားထိန်းသိမ်းခြင်း၊ ဗုဒ္ဓတရားတော်အား သင်ယူဆည်းပူးခြင်းဖြင့် စိတ်အာရုံများနိုးကြားလာပြီ ဗုဒ္ဓကျင့်စဉ် ကျင့်ကြံအားထုတ်လိုစိတ်များ တည်မြဲလာစေပါသည်။
မြန်မာနိုင်ငံသည် ဗုဒ္ဓသာသနာ ထွန်းလင်းတောက်ပ၍ ဗုဒ္ဓတရားတော်များအား ရှေးနှစ်ပေါင်းများစွာမှစ၍ ယခုအချိန်ထိ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်စည်းနိုင်သော ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံ တစ်နိုင်ငံဖြစ်သည်။ ၁၉၄၈ခုနှစ်တွင် တရုတ်- မြန်မာနယ်စပ်၌မွေးဖွား၍ ထိုင်ဝမ်၌ ကြီးပြင်းခဲ့သော ဆရာတော် ဘဒ္ဒန္တကုသလ (အရှင်စင်တောက်) ၏ ဘဝသည် ဒဏ္ဍာရီဆန်လွန်းလှသည်ဟု ဆိုရပေမည်။ အသက်၄နှစ်အရွယ်တွင် စစ်ပွားများဖြစ်ပွားစဥ် ဖခင်ကွယ်လွန်ခဲ့ပြီး ၁၃နှစ်တွင် ထိုင်ဝမ်သို့ ရောက်ရှိ၍ ၁၅နှစ်တွင် ဗုဒ္ဓဘာသာဖြင့် စတင်ထိတွေ့ခဲ့ပြီး ထိုအချိန်မှစ၍ ဆရာတော်သည် ဗုဒ္ဓ၏ကျင့်စဥ်များကို အတုယူ လိုက်နာကျင့်ကြံတော့မည်ဟု သန္နိဋ္ဌာန်ချခဲ့သည်။ အသက်၂၅ နှစ်တွင် သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ပြီး မည်သူမျှ မနေတော့သည့် ကျောင်းဟောင်းများ၊ သုသာန်များ၌ တစ်ပါးထဲ သီတင်းသုံး၍ ဧကစာရီအကျင့်ကို ၁၀ နှစ်ကြာ ကျင့်ကြံအားထုတ်ခဲ့သည်။ ၁၉၈၄ခုနှစ်တွင် ဆရာတော်သည် ဗုဒ္ဓသာသနာ ပြန့်ပွှားရေးနှင့် သက်ရှိသတ္တဝါအပေါင်း ကယ်ဆယ်ရေးအား ရည်ညွှန်း၍ ထိုင်ဝမ်၏ အရှေ့မြောက်ထောင့်တွင် လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့ကို တည်ထောင်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ကမ္ဘာ့ဘာသာပေါင်းစုံပြတိုက် (Museum of World Religions) ကိုလည်း တည်ထောင်ဖွင့်လှစ်နိုင်ခဲ့သည်။ ၂၀၁၇ ခုနှစ်မှစတင်၍ ဆရာတော်သည် ဘဝငြိမ်းချမ်းရေးတက္ကသိုလ် (University for Life and Peace) တည်ထောင်နိုင်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းလျက်ရှိရာ မိမိ၏မွေးရပ်မြေကို မမေ့နိုင်၍ ဤတက္ကသိုလ်ကြီးအား မြန်မာနိုင်ငံ၌ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့သည်။
ဆရာတော် ဘဒ္ဒန္တကုသလသည် "စိတ်နှလုံးငြိမ်းချမ်းမှ ကမ္ဘာကြီးငြိမ်းချမ်းမည်" ဟူသည့်ခံယူချက်ကို နှစ်ပေါင်းများစွာကပင် စတင်လှုပ်ဆော်ခဲ့၍ ၂၀၀၂ခုနှစ်မှစ၍ မြန်မာပြည်၌ သံဃာအပါး (၁၀၀၀၀) ဆွမ်းဆန်တော်လောင်းလှူပွဲကြီးကျင်းပခြင်း၊ တန်ခိုးကြီးစေတီပုထိုးများ သွားရောက်ဖူးမျှော်ပူဇော်ခြင်းများ ပြုလုပ်ခဲ့သည်။ မြန်မာပြည်ကို ပြန်ရောက်သည်နှင့် မြန်မာပြည်အတွက် အကျိုးရှိသောလုပ်ငန်း လုပ်ဆောင်လိုစိတ်များ ပြင်းပြလာတတ်သည်ဟု ဆရာတော်က မိန့်ကြားဖူးသည်။ ထို့ကြောင့် ဆရာတော်သည် မြန်မာနိုင်ငံ၌ ပညာရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ပြီး "ကမ္ဘာကြီးနှင့် ငြိမ်းချမ်းရေးအား ချစ်မြတ်နိုး"သည့် မျှော်မှန်းချက်ဖြင့် ၂၀၁၆ခုနှစ်တွင် နောင်မွန် မဟာကုသလရာမ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ နောင်မွန် အော်ဂဲနစ်စိုက်ပျိုးရေးခြံနှင့် ဘဝငြိမ်းချမ်းရေးတက္ကသိုလ်စသည့် ၁၀နှစ်တာစီမံကိန်းကြီးများ စတင် အကောင်ထည်ဖော်ခဲ့သည်။ ၂၀၁၉ခုနှစ်တွင် ဘဝငြိမ်းချမ်းရေးတက္ကသိုလ်၏ စမ်းသပ်ပညာရေးအဖြစ် ဆောင်းရာသီသင်တန်းအပတ်စဉ်(၁)အား မြန်မာနိုင်ငံရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး ဆောင်းရာသီသင်တန်းအပတ်စဉ်(၂)ကိုလည်း ယခုနှစ် ဇန်နဝါရီလတွင် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ ဘဝငြိမ်းချမ်းရေးတက္ကသိုလ်ကြီးသည် ဂေဟဗေဒဆိုင်ရာနည်းပညာဆိုင်ရာဘာသာရပ်များနှင့် ကမ္ဘာမြေကြီးအား ချစ်မြတ်နိုးသောစိတ်ဓာတ်ဖြင့် ဘာသာရပ်အားလုံးကို ချိတ်ဆက်သင်ယူလေ့လာရမည့် တက္ကသိုလ်ကြီးတစ်ခုဖြစ်သည်။ ဆရာတော်သည် ပညာရေးဖြင့် ကမ္ဘာမြေကြီး ငြိမ်းချမ်းရေးအတွက် လူသားတို့၌ လိုအပ်နေသော ပြောင်းလဲမှုများ ရရှိစေလိုသည်။
ဆရာတော် ဘဒ္ဒန္တကုသလ (အရှင်စင်တောက်) ၏ ဇာတိမြေသည် ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့အနီးတွင် တည်ရှိသည်။ နောင်မွန် မဟာကုသလရာမကျောင်းတော်ကြီးမှ ကားဖြင့်သွားလျှင် နာရီဝက်မျှသာ သွားရသော ထိုနေရာသည် တရုတ်- မြန်မာနယ်စပ်နှင့် နီးစပ်သောကြောင့် ရှေးကတည်းကပင် တိုက်ပွဲများပွားရာ၊ ငြိမ်းချမ်းရေးနှင့် ဝေးကွာရာ ဒေသတစ်ခု ဖြစ်လေသည်။ ထိုဒေသအနီး၌ အမြဲစစ်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားသောကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်း အများအပြား ပိတ်ခဲ့ရ၍ နောင်မွန်မဟာကုသလရာမကျောင်းသည် ခိုကိုးရာမဲ့သော ကိုရင်လေးများတွက် ခိုလှုံရာနေရာဖြစ်ခဲ့ပါသည်။ ကိုရင်လေးအများစုသည် မိဘမဲ့ သို့မဟုတ် မိစုံဖစုံမရှိသော ဆင်းရဲချို့တဲ့သည့် မိသားစုမှ ဆင်းသက်လာကြသူများ ဖြစ်ကြလေရာ ဝမ်းရေးအတွက် ဘဝကိုကြမ်းတမ်းစွာ ဖြတ်သန်းရသော သူများဖြစ်ကြပါသည်။ ၎င်းတို့အား မဟာကုသလရာမကျောင်းမှ အခမဲ့ အတန်းကျောင်းပညာရေးနှင့် ပရိယတ္တိပညာရေးကို သင်ကြားပို့ချပေးပါသည်။ အသက်၁၉နှစ်ရောက်၍ ကိုရင်လေးများ ပဉ္ဇင်းခံလိုသော ဆန္ဒရှိပါကလည်း ဤကျောင်း၌ပင် ပဉ္ဇင်းခံယူနိုင်ရန် ကျောင်းမှစီစဉ်ပေးထားသည်။
ပုထုဇဉ်အမြင်ဖြင့်ကြည့်လျှင် မဟာကုသလရာမ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကိုရင်လေးများ၏ တစ်နေ့တာသည် ပင်ပန်း၍ငြီးငွေ့ဖွယ်ရာကောင်းသည်ဟု ထင်မြင်ကောင်း ထင်မြင်ခံရနိုင်ပါသည်။ မနက်၅နာရီ အိပ်ရာမှထ၍ ဘုရားဝတ်ပြုပြီးသည်နှင့် ပါဠိစာ၊ တရုတ်စာ၊ အင်္ဂလိပ်စာ၊ မြန်မာစာနှင့် သင်္ချာစသည့် ဘာသာရပ်များအား ညနေစောင်းချိန်ထိ အလှည့်ကျ သင်ယူရပါသည်။ ညနေစာစားပြီး သူတကာအနားယူကြချိန်တွင်လည်း ကိုရင်လေးများသည် ဘုရားဝတ်တက်ခြင်း၊ ပါဠိစာများသင်ယူခြင်းများကို ည၉နာရီခွဲ အိပ်ရာဝင်ချိန်အထိ ဆက်လက်လုပ်ဆောင်ကြရသည်။ မြို့ပြနှင့် ကင်းဝေးသော ဒေသများတွင် ကြီးပြင်းလာသော ကိုရင်လေးများ နောင်မွန်မဟာကုသလရာမ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာတော့ ထိုင်ဝမ်မှလာသော နိုင်ငံခြားဆရာမများနှင့် သင်ယူခွင့်ရသည့်အပြင် ခေတ်မှီသော ပညာရေးအထောက်အကူပြုပစ္စည်းများဖြင့်လည်း သင်ကြားခွင့်ရသည်။ ကျောင်းရှိ ဆရာ၊ဆရာမများသည် စာပေသင်ကြားပို့ချပေးရုံသာမက ကိုရင်လေးများအား နည်းစနစ်ကျသော နေထိုင်မှုကျင့်ဝတ်များကိုလည်း သင်ကြားပေးကြသည်။ ဆရာ၊ဆရာမများ၏ သင်ကြားပေးမှုနှင့် ကိုရင်လေးများ၏ ကြိုးစားမှုတို့ကြောင့် ယခင်က တောရွာများတွင် နေထိုင်၍ စာကောင်းကောင်းမသင်ခဲ့ရသော ကိုရင်လေးများ လက်ရှိအချိန်မှာတော့ ကျောင်းစာများ အလွန်တိုးတက်လာပြီး တကိုယ်ရေသန့်ရှင်းရေးကိုလည်း ကိုယ်တိုင်ဂရုစိုက်တတ်လာကြပြီဖြစ်သည်။ ပညာရေးတိုးတက်လာသည်နှင့်အမျှ ကိုရင်လေးများ၏ဘဝသည် တိုးတက်နိုင်ခြေ များပြားလာသော်လည်း မိသားစု၏ စီးပွားရေးအခက်အခဲကြောင့် ၎င်းတို့၏ရှေ့လမ်းခရီးသည် အပြောင်းအလဲများစွာ ရှိလာနိုင်ပါသေးသည်။
ဆရာတော်က ကိုရင်လေးများအား မြန်မြန်ကြီးပြင်းစေလိုသည်။ "ကိုရင်လေးတွေ ကြီးအောင် ကွေကာအုပ် များများကျွေးရမယ်။ ကြီးလာရင် ဆရာတော်ရဲ့ ခြေရာကို ဆက်ခံကြ။ ကိုရင်လေးတို့က ဆရာတော်ရဲ့ သားအရင်းတွေပဲ။" ဟု ဆရာတော်က မိန့်ကြားသည်။ ကျောင်းတွင် ရန်ကျင့်မင်၊ ရန်ကျင့်ယင်ဟူသည့် ညီအကိုရှိသည်။ အကိုကြီး ရန်ကျင့်မင်က စာတော်သော်လည်း မိခင် နေမကောင်း၍ အိမ်အတွက် ဝင်ငွေရှာဖွေနိုင်သူ မရှိတော့သောကြောင့် ကျောင်းမှထွက်ကာ လုံခြုံရေးဝန်ထမ်းအလုပ်လုပ်ကိုင်နေရသည်။ ညီငယ် ရန်ကျင့်ယင်လည်း ကျောင်းအတူထွက်၍ နောင်မွန် အော်ဂဲနစ်စိုက်ပျိုးရေးခြံတွင် အလုပ်ဝင်လုပ်ခဲ့သော်လည်း သူငယ်ချင်းများ နေ့စဉ်ကျောင်းတက်နေရသည်ကို အားကျသောကြောင့် ကျောင်းထွက်ပြီး တစ်နှစ်ခန့်အကြာတွင် ကိုရင်ပြန်ဝတ်ပြီး ကျောင်းပြန်ဝင်ခဲ့သည်။ ဒီတစ်ခေါက်တော့ ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ယူတော့မည်ဟု ဆုံးဖြတ်ချက်ခိုင်ခိုင် ချထားသော ရန်ကျင့်ယင်၏ ဘဝမျှော်မှန်းချက်ကတော့ ဆရာတော်၏ ခြေရာကိုဆက်ခံ၍ ဗုဒ္ဓသာသနာ ပြန့်ပွားနိုင်သူတစ်ဦး ဖြစ်မြောက်နိုင်ရန် ကြိုးစာသင်ယူမည်ဖြစ်ပါသည်။
ကျောင်းပြန်ရောက်၍ ကိုရင်ပြန်ဝတ်ရတော့ လူပျိုပေါက်ကလေး ရန်ကျင့်ယင် တော်တော်လေးပျော်နေရှာသည်။ " ဆံချပြီးပြီ။ သင်္ကန်းလည်းဝတ်ပြီးသွားပြီ။" ဟုအမေကို ဖုန်းဖြင့် ဝမ်းသာအားရပြောပြသည်။ "ဆရာတော်က ကိုရင်တို့ကို စားဝတ်နေရေး လိုလေသေးမရှိအောင် ထောက်ပံ့ပေးထားတယ်။ ဆရာတော်က ကိုရင်တို့ရဲ့ မိဘလိုပါပဲ။ ကိုရင်ကြီးလာရင် ဆရာတော်လို ဘုန်းကြီးတစ်ပါး ဖြစ်ချင်တယ်။ မေတ္တာစိတ်နဲ့ အများသူငှာကို ကူညီစောင့်ရှောက်ချင်တယ်။ ဗုဒ္ဓဘာသာတရားကို ပြန့်ပွားချင်တယ်။ ဒီမျှော်မှန်းချက်က အောင်မြင်ချင်မှ အောင်မြင်မှာဆိုပေမယ့် ကိုရင်ကတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားချင်ပါတယ်။" ဟု ရင်တွင်းစကားကို ဖွင့်ဟပြောဆို ခဲ့ပါသည်။
► Chinese